MNL I

AFC Cup တွင် သုံးပွဲဆက် နိုင်ပွဲရယူခဲ့သည့် ရန်ကုန်ယူနိုက်တက်

By khtit

March 07, 2018

AFC Cup 2018 ဘောလုံးပြိုင်ပွဲ အုပ်စု(G)၏ အုပ်စုတတိယပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဖိလစ် ပိုင်ကလပ် ဂလိုဘယ်အသင်းတို့ ယနေ့ ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ရန်ကုန်ယူနိုက်တက် အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့် ဧည့်သည်အသင်းဘက်သို့ ထိုးဖောက်ကစားခဲ့သော်လည်း အဆုံး သတ်ပိုင်းမသေချာမှုများကြောင့် မိနစ် ၃၀ ကျော်သည်အထိ ဂိုးမရခဲ့ပေ။ သို့သော် ပွဲချိန်  ၄၅+၂ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး အဆိုပါဂိုးကို မောင်မောင်လွင်က အလွတ်တည်ကန်ဘောမှ ကန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး သုံးမိနစ်အကြာတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆီလာက အသင်းတွက် ဒုတိယဦးဆောင်ဂိုးသွင်းပေးခဲ့သည်။ ပွဲချိန် ၅၇ မိနစ်တွင် ရန်ကုန်အသင်းက တတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး တိုက်စစ်မှူးဆီလာကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၇၇ မိနစ်တွင် ရန်ကုန်အသင်း နောက်ခံလူ သိန်းဇော် ကစားပုံကြမ်းတမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီးမှ နှစ်ဝါ တစ်နီဖြင့် ထုတ်ခြင်းခံခဲ့ရသည်။ အလားတူ ဂလိုဘယ်အသင်းမှ ကျောနံပါတ် (၂၇) Marco သည်လည်း ကစားပုံကြမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီးမှ နှစ်ဝါ တစ်နီဖြင့် ထပ်မံထုတ်ပယ်ခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ရန်ကုန် ယူနိုက်တက်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဂလိုဘယ်အသင်းကို အနိုင်ရ ခဲ့သည့်အတွက် သုံးပွဲ ကစားပြီးချိန်တွင် သုံးပွဲစလုံး အနိုင်ရကာ ရမှတ် ကိုးမှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် ပိုမိုရာခိုင်နှုန်းများလာခဲ့သည်။