MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) လက်ကျန်ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ ၄း၀၀ နာရီက အောင်ဆန်းကွင်းတွင် မြ၀တီအက်ဖ်စီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ စစ်ကိုင်းယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်း တိုက်စစ်မှူး ဆင်မြူရယ် မြ၀တီအသင်းဘက်သို့ ဂိုးသွင်းယူရန် ကြိုးပမ်းစဉ်
ပထမပိုင်း ပွဲကစားချိန် ၉ မိနစ်တွင် မြ၀တီအသင်းက ဦးဆောင်ဂိုးစတင်ရခဲ့ပြီး သက်ဝေမိုးက သွင်းယူပေးခဲ့သည်။ မြ၀တီအသင်း၏ ဦးဆောင်ဂိုးသွင်းယူပြီး နောက်ထပ်ခြောက်မိနစ်အကြာတွင် စစ်ကိုင်းယူနိုက်တက်အသင်းက ချေပ ဂိုး ပြန်လည်ရခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ဖရိုင်းဒေးက အဝေးကန်ချက်ဖြင့် သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းက ဂိုးရရှိမည့် အခွင့်အရေးပိုမိုရခဲ့သော်လဲ အဆုံးသတ် မသေချာမှုများကြောင့် ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပေ။ ပထမပိုင်းပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်း
ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၅ မိနစ်တွင် မြ၀တီအသင်းသည် လူစားလဲမှု သုံးခုအထိ ပြုလုပ်ခဲ့သည်။ ဒုတိယပိုင်း တွင်လည်း စစ်ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ဂိုးသွင်းခွင့်များ ထပ်မံရခဲ့ပြီး မြ၀တီအက်ဖ်စီအသင်းက တန်ပြန် တိုက်စစ်ပုံစံဖြင့်သာ တုံ့ပြန်ခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၁ မိနစ်တွင် သီဟဇော်က အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းပေးခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် လက်ကျန် မိနစ်များတွင် အနိုင်ရလဒ်ကို အမှားအယွင်းမရှိ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်းသည် မြ၀တီအသင်းကို အနိုင်ရခဲ့သည့်အတွက် ရှစ်ပွဲကစားအပြီးတွင် နှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ လေးပွဲ ရှုံးရမှတ် ၈ မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၉ နေရာမှ ဆောက်သမ်းအသင်းနှင့် ရမှတ် တစ်မှတ်သာ ကွာဟခဲ့ပြီဖြစ်သည်။
မြ၀တီအက်ဖ်စီအသင်း