လက်ရှိ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းက သတင်းထုတ်ပြန်သည်။ ထို့ကြောင့် လစ်လပ်နေသည့် နည်းပြချုပ် နေရာအတွက် မြန်မာ့လက်ရွေးစင်ဟောင်း ဦးအောင်ကျော်ထွန်းကို ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းသည် MPT Myanmar National Leagur 2018 ပွဲစဉ်(၈) အပြီး တစ်ပွဲလျော့ဖြင့် ရမှတ် ၁၄ မှတ်ရရှိထားကာ အမှတ်ပေးဇယား၌ စတုတ္ထနေရာတွင် ရပ်တည်နေသည်။
အမှတ်ပေးဇယားထိပ်ဆုံး တွင်ရပ်တည်နေသော ရန်ကုန်ယူနိုက်တက်အသင်းမှာ ၈ ပွဲကစားထားပြီး ၁၉ မှတ်ရရှိနေသည်။
AFC Cup 2018 ပြိုင်ပွဲတွင်လည်း ရှမ်းယူနိုက်တက်အသင်းသည် ၃ ပွဲကစား ၃ မှတ်ရရှိနေပြီး လက်ကျန်ပွဲများ တွင် ရလဒ်ကောင်းများ ရရှိပါက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
“အရိုးသားဆုံး ပြောချင်ပါတယ်။ ကျနော့်အသင်းရလဒ်နဲ့ ခြေစွမ်းက အားရဖို့ မကောင်းပါဘူး။ ဘောလုံးအသင်း တွေမှာ ရည်မှန်းချက်မရောက်ရင် တာဝန်အရှိဆုံး နည်းပြချုပ်က တာဝန်ယူရပါတယ်။ ကျနော့်ကို ယုံယုံကြည် ကြည် တာဝန်ပေးခဲ့တဲ့ အသင်း ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူအားလုံး၊ အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေ၊ ကျနော် လုပ်ချင်တဲ့ အရာတွေကို အတတ်နိုင်ဆုံးလိုက်လုပ်ပေးခဲ့တဲ့ နည်းပြတွေနဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်သံယောဇဉ် အရှိဆုံး ကစားသမားတွေ အားလုံး အားလုံးကို နှုတ်ဆက်ပါတယ်။ ကျနော် နုတ်ထွက်စာတင်ထားပါတယ်” ဟု ဦးစိုးမြတ်မင်းက ဆိုသည်။
ဦးစိုးမြတ်မင်းသည် ၂၀၁၃ ခုနှစ်တွင် ရှမ်းယူနိုက်တက် လူငယ်အသင်း နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၁၅ ဘောလုံးရာသီတွင် ပထမအသင်း (စီနီယာအသင်း) ၏ နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့သည်။
၂၀၁၆ ခုနှစ်မှစတင်ပြီး ဦးစိုးမြတ်မင်းသည် ရှမ်းယူနိုက်တက်အသင်းအတွက် ပြည်တွင်း၊ ပြည်ပ ပွဲစုစုပေါင်း ၅၃ ပွဲ တာဝန်ယူခဲ့ရာ ၃၃ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့သည်။
၂၀၁၇ ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ဒိုင်းချန်ပီယံ ဖြစ်အောင် ဦးစိုးမြတ်မင်းက နည်းပြချုပ်အဖြစ် ဦးဆောင်နိုင်ခဲ့ရာ ပြည်တွင်းနည်းပြများအနက်မှ တစ်ရာသီအတွင်း ဖလား ၂ လုံးရသည့် ပထမဆုံး နည်းပြလည်း ဖြစ်သည်။
ဦးစိုးမြတ်မင်း၏ နုတ်ထွက်စာကို အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက အကြိမ်ကြိမ် သုံးသပ်ပြီးနောက် လက်ခံ လိုက်ပြီဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကိုစိုးမြတ်မင်းရဲ့ နုတ်ထွက်စာကို လက်ခံလိုက်ပါပြီ။ အသင်းအတွက် သူ ပေးဆပ်ခဲ့တာတွေအများကြီးပါ။ အဲဒိ အတွက် ကျေးဇူးတင်ပါတယ်။ အရင်က အသင်းအတွက် အချိန်အများကြီးပေးထားရတော့ မိသားစုကို အချိန် သိပ်ပေးနိုင်ပုံ မရပါဘူး၊ အခုဆို သူ့မိသားစုအတွက် အချိန်ပေးလို့ရပါပြီ။ မိသားစုကလည်း ဘဝမှာ အရေးကြီးပါတယ်။ အသင်းမှာ လစ်လပ်နေတဲ့ နည်းစနစ် ဒါရိုက်တာနဲ့ နည်းပြချုပ်နေရာတွေအတွက် အမြန်ဆုံး ခန့်အပ်တာဝန်ပေးသွားမှာပါ။ ကျနော်တို့အသင်းက လက်ရှိ ချန်ပီယံပါ။ ချန်ပီယံခြေစွမ်းကို အမြဲတမ်းထိန်းနိုင်အောင် ကြိုးစားနေပါတယ်။ ပရိသတ်တွေအတွက်၊ နိုင်ငံအတွက် အကောင်းဆုံး ပြင်ဆင်နေပါတယ်” ဟု ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းမှာ မတ်လ ၁၄ ရက်တွင် အေအေက်ဖ်စီဖလား အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ” လောလောဆယ်တော့ ဦးအောင်ကျော်ထွန်းကို ယာယီနည်းပြချုပ် အဖြစ် ခန့်အပ်တာဝန်ပေးထားပါတယ်။ ကျန်တာတော့ ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။ ကျန်တာတော့ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပါတယ်” ဟု အသင်းအထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းကပြောသည်။ ထို့ပြင် အသင်းမှာလည်း အရှိန်အဟုန်မပြတ်ဘဲ ပုံမှန်လေ့ကျင့်ခန်းများ ပြုလပ်လျက် ရှိကြောင်း သိရသည်။ Photo-Shan United FC