ရှမ်းယူနိုက်တက်-ဆီရက်နီဂရိုးစ် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်

March 13, 2018

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပသည့် AFC Cup 2018 Group (F) ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆီရက်နီဂရိုးစ် အသင်းတို့ မတ်လ ၁၄ ရက်၊ ညနေ (၄း၀၀) နာရီအချိန် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို မတ်လ ၁၃ ရက်(ယနေ့) နေ့လည်ပိုင်းက သုဝဏ္ဏအားကစားကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ၏ ပွဲကြိုပြောစကားအချို့ကို ဖော်ပြပေးလိုက်ပါသည်။

ဦးအောင်ကျော်ထွန်း(နည်းပြချုပ်) ရှမ်းယူနိုက်တက်အသင်း ” အသင်းက ကျွန်တော့်ကို တာဝန်ပေးလာတဲ့အပေါ်မှာ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ဒါကျွန်တော့်အတွက် ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် AFC Cup ပြိုင်ပွဲမှာ အဆင့်တစ်ခုအထိ ရောက်အောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ပွဲက အမှားတွေကို ပြင်ဆင်ပြီး မနက်ဖြန်ပွဲမှာ ရလဒ်ကောင်းတစ်ခုရအောင် သေသေချာချာပြင်ဆင်ထားပါတယ်။ အသင်းကိုပိုပြီး ကောင်းလာအောင် ကြိုးစားပြင်ဆင်သွားမှာပါ။ ကစားသမားတိုင်းက နက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”

ဝင်းမင်းထွဋ်(အသင်းခေါင်းဆောင်) ရှမ်းယူနိုက်တက်အသင်း ” လောလောဆယ် နည်းပြ ဦးအောင်ကျော်ထွန်း တာဝန်ယူနေတဲ့အချိန်မှာ ဆီရက်နီဂရိုးစ်နဲ့ ပွဲအတွက်လည်း နည်းပြဆရာတွေ အားလုံးနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ကစားသမားတွေ အနေနဲ့လည်း အနိုင်ရရှိအောင် အစွမ်းကုန်ကြိုးစားပြီး ကစားမှာပါ။ နက်ဖြန်ပွဲမှာ ရလဒ်ကောင်းတစ်ခု ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲပြီးလို့ လက်ကျန် နှစ်ပွဲမှာ ဆက်လက်အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိနေပါသေးတယ်”

Risto Vidakovic (နည်းပြချုပ်) ” ကျွန်တော်တို့အသင်းက အနိမ့်ဆုံး ဗိုလ်လုပွဲရောက်ဖို့ ရည်မှန်းထားတဲ့အသင်းပါ။ ဒါကြောင့်ပွဲတိုင်းကို အနိုင်ရရှိအောင် ကစားဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ နက်ဖြန်ပွဲက ခက်ခဲမှာပါ။ နောက်တစ်ခုက နည်းပြသစ် အပြောင်းအလဲပေါ်မှာလည်း ကစားသမားတွေက စိတ်ဓာတ်သစ်တွေနဲ့ အားထည့် ယှဉ်ပြိုင်လာနိုင်ပါတယ်။ ဒါကြောင့် ခက်ခက်ခဲခဲ ကစားရမှာပါ။ ရာသီဥတု ဒဏ်ကလည်း ကစားသမားတွေ အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်”

Carli De Murga (အသင်းခေါင်းဆောင်) ” ရှမ်းယူနိုက်တက်အသင်းက ခံစစ်ကစားတာကောင်းတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကောင်တာတိုက်စစ်ကစားပုံကလည်း ထက်မြက်မှု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မိနစ် ၉၀ ပြည့် အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားမှာဖြစ်ပါတယ်”