မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မတ်လ ၂၇ ရက်နေ့တွင် မကာအိုအသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
အဆိုပါ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်မီ သုဝဏ္ဏဘောလုံးကွင်း မြက်ခင်းပြင် ကြိုတင်ပြင်ဆင်ခြင်းနှင့် အသေးစား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) မှ ကချင်ယူနိုက်တက်-ငွေကြယ်ပွင့်လေးများ ပွဲစဉ်အား သုဝဏ္ဏကွင်းမှ အောင်ဆန်းကွင်းသို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များအနက် မတ်လ ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ကချင်ယူနိုက်တက်-ငွေကြယ်ပွင့်လေးများ ပွဲစဉ်အား သက်ဆိုင်ရာကလပ်အသင်း တာဝန်ရှိသူများ၏ သဘောတူညီမှုအရ အောင်ဆန်းကွင်းသို့ ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်သည်။ သို့သော် ပြိုင်ပွဲယှဉ်ပြိုင်ကစားမည့် အချိန်အား မူလပွဲချိန်ဖြစ်သည့် ညနေ ၄ နာရီတွင်သာ ကျင်းပမည်ဖြစ်ပါသည်။
လက်ရှိ ပွဲစဉ်(၆) ကစားအပြီးတွင် ကချင်ယူနိုက်တက်အသင်းက ရမှတ် (၇) မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ငွေကြယ်ပွင့်လေးများအသင်းက ရမှတ် (၅) မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိသည်။