ဧရာဝတီယူနိုက်တက်အသင်း ဖန်ကလပ်ပြုလုပ်မည့် အစည်းအဝေး ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်

March 21, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော MPT Myanmar National League ပြိုင်ပွဲများ၌ ပရိသတ် လာရောက်ကြည့်ရှုမှုနှုန်း ပိုမိုများပြားလာစေရန် ရည်ရွယ်သည့် Fan activities များနှင့် ပတ်သက်သည့် အစည်းအဝေးကို မတ်လ ၂၁ ရက်(ယနေ့) ညနေပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီယူနိုက်တက် အိမ်ကွင်း၏ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးအောင်ချို နှင့် တာဝန်ရှိသူများ| ဧရာဝတီယူနိုက်တက်အသင်း ပရိသတ်အချို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဧရာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်များ၌ ပရိသတ်များ ကွင်းအတွင်းဝင်ရောက်အားပေးမှု တိုးတက်များပြားလာစေရန် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဧရာဝတီယူနိုက်တက်အသင်း ဖန်ကလပ် ဖွဲ့စည်းရေးနှင့် ကွင်းအတွင်း၌ ပြုလုပ်မည့် Fan activities များနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

ဧရာဝတီယူနိုက်တက်အသင်း ပရိသတ်များ အနေဖြင့် ဧရာဝတီယူနိုက်တက်အသင်း၏ ပွဲစဉ်များသို့ အတူတကွ အားပေးကြည့်ရှုခြင်းနှင့် ဖန်ကလပ်၏ (activities) လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်နိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
Photos- Ayeyawady United