Grassroots Festival နှင့် U-14 Football Tournament များ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့

March 21, 2018

ကလေးသူငယ်များ ဘောလုံးအားကစားတွင် ပိုမိုစိတ်ပါဝင်စားလာပြီး ကျန်းမာကြံ့ခိုင်လာရန်နှင့် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်မည့် Grassroots Festival နှင့် U-14 Football Tournament များ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ကိုးသိန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်နှင့် လက်ထောက် ညွှန်ကြားရေးမှူးများ၊ ပုသိမ်မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးကြည်အောင်၊ မြန်မာနေရှင်နယ်လိဂ်မှ COO ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းပညာရေးမှူး ဒေါ်မြင့်မြင့်သန်း နှင့် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကို အဓိက ပံ့ပိုးမည့် MPT မှ တာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်းမှ တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်မှ ပုသိမ်မြို့တွင် Grassroots Festival နှင့် U-14 football Tournament ကျင်းပသွားမည့် နေ့ရက်၊ ပြိုင်ပွဲပုံစံ အစရှိသည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဧရာဝတီ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး ကျယ်ပြန့်စွာ ပါဝင်လာနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရန် အတွက် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ Title အဖြစ် ပံ့ပိုးပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အသက် ၆ နှစ်မှ ၁၂ ကြား (အမျိုးသား၊ အမျိုးသမီး) ကလေးငယ်များအနေဖြင့် လူငယ်စီမံကိန်း၏ အခြေခံ အုတ်မြစ်ဖြစ်ဖြစ်သည့် Grassroots အဆင့်တွင် ပါဝင်ခွင့်ရတော့မည်ဖြစ်သည်။ ထိုမှတစ်ဆင့် အဆိုပါ ကလေးငယ်များးအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် အကယ်ဒမီ လူရွေးပွဲကဲ့သို့ အဆင့်များကို တက်လှမ်းခွင့်ရမည့် အခွင့်အရေးများလည်း ပိုင်ဆိုင်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ ပူးပေါင်းကျင်းပမည့် Grassroots Program & Regional U-14 ပြိုင်ပွဲများ ကို ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ အစရှိသည့် မြို့ကြီး ၈ မြို့တွင် ကျင်းပသွားဖြစ်ပါသည်။
ပုသိမ်မြို့တွင် ကျင်းပမည့် MFF – MPT Grassroots Festival 2018 ဘောလုံးပွဲတော်ကို အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်ထိလည်းကောင်း၊ MPT Youth U-14 Tournament 2018 ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၀ ရက်ထိလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။