ပဲခူးတိုင်းဒေသကြီးအတွင်း Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

March 26, 2018

ကလေးသူငယ်များ ဘောလုံးအားကစားတွင် ပိုမိုစိတ်ပါဝင်စား လာစေရန် ရည်ရွယ်ကျင်းပမည့် Grassroots Festival နှင့် U-14 football Tournament များကို ပဲခူးမြို့တွင် ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ယနေ့ မွန်းလွဲ ၁း၀၀ နာရီက ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

Grassroots Festival နှင့် U-14 football Tournament များ ကျင်းပနိုင်ရန် အတွက် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ အဓိက ပံ့ပိုးပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားရန် စီစဉ်ထားရာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်မြို့သို့ သွားရောက်ကာ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မကြာမီ ရက်များအတွင်း ကျန်မြို့ ကြီးများ ဖြစ်သည့် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ စစ်ကိုင်း စသည့် မြို့များသို့ သွားရောက်ကာ အစည်းအဝေးများ ပြုလုပ်သွားဦးမည် ဖြစ်သည်။

ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့  ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးတိုးဝင်း၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးမြို့ နယ်ဘာလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်ဇော်နှင့် ဘဏ္ဍာရေးမှူး၊  မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊အဓိက ပံ့ပိုးပေးမည့် MPT မှ တာဝန်ရှိသူများ၊ ရွှေခေတ်မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဦးရဲညွန့် (ပဲခူးတိုင်း လက်ရွေးစင် အဖြစ်မှ မြန်မာ့လက်ရွေးစင် ဖြစ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင် ကစားသမားများ အနက် ရွှေတံဆိပ်အများဆုံး ရရှိထားသူ)နှင့် လက်ရွေးစင် ကစားသမားဟောင်း ဦးဟန်လင်းတို့  စုံစုံလင်လင် တက်ရောက် ခဲ့ကြသည်။

 

အခမ်းအနား အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး အတွက် ဘောလုံး အားကစားတိုးတက်ရေး စီမံကိန်းများကို လုပ်ဆောင်ပေးမည့် မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက်အဖွဲ့အစည်းများကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်း၊ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အခြေအနေများကို ပြန်လည်ရောက်ရှိရေး အတွက် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းကို ကြိုဆိုပါကြောင်း၊ လူငယ်များ အားကစားကို စိတ်ဝင်စားပြီး လုပ်ဆောင်ပါက ကျန်းမာကြံ့ခိုင်လာမည့်အပြင် နိုင်ငံဂုဏ် ဆောင်နိုင်သည်အထိ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် (C.O.O) ဦးဆူးအောင်က Grassroot and U-14 Tournament ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တက်ရောက်လာကြသည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ရှင်းလင်း တင်ပြ ခဲ့သည်။  မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်င်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် MPT တို့ ပူးပေါင်းပြီး ၂၀၁၈ မှ ၂၀၂၀ အထိ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း ကိုရေးဆွဲခဲ့ပါကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းအရ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ လာရောက် တင်ပြခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ သက်ဆိုင်ရာကလပ် အသင်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း အောင်မြင်မည် ဖြစ်ပါကြောင်း၊ Grassroot Festival ကျင်းပရေးအပြင် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမ ၃၄ ဦး ကို လူငယ်ဖွံ့ဖြိုး  ရေးအစီအစဉ်များ အတွက် ဘောလုံး အားကစားနည်း၊ ဘောလုံးဥပဒေသ သင်တန်းများ၊ ဒိုင်လူကြီး သင်တန်းများ အပြင် Event Management သင်တန်းများကို FIFA စံချိန် စံညွှန်းအတိုင်း သင်ကြားပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍  မြန်မာနေရှင်နယ်လိဂ် C.O.Oမှ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ရှေ့ဆက်လုပ်ဆောင်ကြမည့် အစီအစဉ်များကိုလည်း ရှင်းလင်း တင်ပြခဲ့သည်။

 

ထို့နောက်တွင်မှု အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာနေရှင်နယ်လိဂ်မှ တင်ပြလာခဲ့သည့် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များအတိုင်း လူငယ်များ ပိုမိုစိတ်ဝင်စား ပါဝင်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနအသီးသီး အနေဖြင့် အားတက်သရော ပူးပေါင်းဆောင်ရွက် ကြရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ သင်တန်းများကို တက်ရောက်ခဲ့ရသူများ အနေဖြင့်လည်း မိမိတို့သိရှိလာသည့် ပညာရပ်များကို အလကားမထားပဲ ပဲခူးတိုင်းအတွင်း ဘောလုံးပွဲများ ပြန်လည် ကျင်းပပေးကြရန် လိုအပ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မှာကြားမှု ပြုလုပ်ခဲ့သည်။

ပဲခူးမြို့တွင် ကျင်းပမည့် MFF – MPT Grassroots Festival 2018 ဘောလုံးပွဲတော်ကို သြဂုတ် ၁၂ ရက်မှ ၁၄ ရက်ထိလည်းကောင်း၊  MPT Youth U-14 Tournament 2018 ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ၂၉ ရက်ထိလည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်သည်။