မြန်မာ့ဘောလုံးလောက အတွက် အထူးအရေးပါသည့် လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဝင်ရောက်ကူညီပံ့ပိုးမည့် Myanmar Care

March 28, 2018

MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 များအတွက် ကျပ်သိန်း ၁၀၀၀ ကူညီ ပံ့ပိုးရန် မြန်မာနေရှင်နယ်လိဂ်နှင့် သဘောတူ လက်မှတ်ရေးထိုး

ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်အဖြစ် လက်တွဲလုပ်ဆောင်လာခဲ့သည့် MPT နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်တို့ ချုပ်ဆိုထားသည့် စာချုပ်များအရ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးတွင် လုပ်ဆောင်သွားရန် သဘောတူညီမှု ရှိထားခဲ့ပြီး ဖြစ်ရာ ယခုအခါ အဆိုပါ လုပ်ငန်းစဉ်များကို မြန်မာဘရူဝါရီ လိမိတက်၏ လူမှုကူညီရေး အစီအစဉ် တစ်ရပ်ဖြစ်သည့် ဂရုဏာရှေးရှု မြန်မာမှု အစီအစဉ် (Myanmar Care) ကလည်း ဝင်ရောက် ကူညီပံ့ပိုးသွားမည် ဖြစ်သည်။ 

 

လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ကူညီမှုပေးသွားရန် အတွက် Myanmar Care နှင့် မြန်မာနေရှင်နယ်လိဂ် တို့၏ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တည်ရှိရာ Goal ဟိုတယ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာ ဘရူဝါရီ လိမိတက်မှ မန်နေဂျင်းဒါရိုက်တာ Mr. Hideki Mitsuhashi ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာဘရူဝါရီ လိမိတက်မှ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးကျော်ကြား၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ ဌာနခွဲတာဝန်ခံများ၊ ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ကျွန်တော်တို့ အသင်းပိုင်ရှင်တွေ အနေနဲ့ ဝါသနာကို အရင်းခံပြီး လုပ်နေကြတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လုပ်နေရင်းနဲ့ လမ်းပျောက်သလို ဖြစ်သွားခဲ့ပေမယ့် မြန်မာ့ဘောလုံး ပြန်လည် ဦးမော့လာဖို့ လုပ်နိုင်တာ မှန်သမျှကို လုပ်သွားမှာပါ။ ဘောလုံးသဘာဝ နိမ့်မြင့်တက်ကျတွေ ရှိမှာဖြစ်ပေမယ့် ကျွန်တော်တို့ အနေနဲ့ အလွယ်တကူ အရှုံးပေးမှာ မဟုတ်ဘဲ မဆုတ်မနစ်နဲ့ အားလုံးနဲ့အတူ ဆက်လက် ကျိုးစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရလဒ်တွေ မကောင်းတဲ့အတွက် ပြောကြတာကိုလည်း ခံနိုင်ရည် ရှိပါတယ်။ ကျွန်တော်တို့အားလုံး ငွေတွေကုန်ထားသလောက် လက်ရှိ ရနေတဲ့ ရလဒ်က ကျေနပ်စရာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ တစ်ခု သိထားရမှာက ကျွန်တော်တို့ လိဂ်က တစ်နှစ်မှာ ဒေါ်လာ ၂ သန်းခွဲ၊  ၃ သန်းလောက် သုံးနေချိန်မှာ အိမ်နီးချင်းနိုင်ငံက ကလပ်အသင်း တစ်သင်းက တစ်နှစ်အတွက် ဒေါ်လာ ၄ သန်းလောက် သုံးနေနိုင်ပါတယ်။ ကျွန်တော်တို့ ဘောလုံးလောက ရှေ့ဆက်နိုင်ဖို့အတွက် စပွန်ဆာတွေရဲ့ ထောက်ပံ့မှုတွေ များစွာ လိုအပ်ပါတယ်။ စပွန်ဆာတွေရဲ့ အားကိုးနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနှစ်အတွင်း တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ပြုလုပ်သွားမယ့် MFF-MPT Grassroots Football Festival 2018 ပွဲတွေနဲ့ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွေမှာ Myanmar Care က ဝင်ရောက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ခက်ခဲနေတဲ့ အချိန်မှာ လာရောက် ကူညီတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့နောက် မြန်မာဘရူဝါရီ လိမိတက်မှ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဟိဒဲကိ မစ်ဆုဟရှိကလည်း နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။ မိမိတို့ Myanmar Care အနေဖြင့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မြန်မာနေရှင်နယ်လိဂ်နှင့် တွဲဖက် လုပ်ဆောင်ခွင့် ရသည့်အပေါ် အထူးပင် ဝမ်းမြောက် မိကြောင်း၊ မိမိတို့အား ယခုကဲ့သို့ အခွင့်အရေး ပေးသည့် အတွက်လည်း အလွန်ပင် ကျေးဇူးတင်မိကြောင်း မစ္စတာ ဟိဒဲကိ မစ်ဆုဟရှိက ပြောကြားခဲ့သည်။ Myanmar Care အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ အားကစားနှင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး များတွင် ကူညီပံ့ပိုးမှု ပေးရန် အတွက် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ရာ ယခုကဲ့သို့ အားကစား ကဏ္ဏ၏ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ဝင်ရောက် ကူညီလာခြင်း ဖြစ်သည်။

ယင်းနောက်တွင် စပွန်ဆာစာချုပ်ကိုလက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာဘရူဝါရီ လိမိတက်မှ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဟိဒဲကိ မစ်ဆုဟရှိ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် မြန်မာ ဘရူဝါရီ လိမိတက်မှ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးကျော်ကြား တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။ လက်မှတ်ရေးထိုးသည့် အခမ်းအနား အပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက် ကျင်းပခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

Myanmar Care အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်မှ ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournment 2018 များအတွက် ငွေကျပ်သိန်း ၁၀၀၀ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ယခုနှစ်အတွင်း MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournment 2018 များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် ကျင်းပသွားရန် စီစဉ်ထားပြီး MNL မှ CEO နှင့် COO ဦးဆောင်ပြီး MPT မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ရက်များက ပုသိမ်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်ကာ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန များမှ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံ၍ ညှိနှိုင်းရှင်းလင်း တင်ပြသည့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ဖြစ်ကာ စစ်တွေ၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်ကိုင်း အစရှိသည့် မြို့ကြီးများသို့လည်း သွားရောက်၍ ညှိနှိုင်းအစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လမှ စတင်ကာ ပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်သည်။