ရှုံးချက်နာတဲ့ မကွေး ~ နောက်ကျသွင်းဂိုးကြောင့် ဂျီအက်ဖ်အေအသင်း မကွေးကို အနိုင်ရ

March 30, 2018

ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ် ၉ ရဲ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဂျီအက်ဖ်အေ အသင်းနဲ့ မကွေးအသင်းတို့ရဲ့ ပွဲစဉ်မှာ အမှတ်ပေးဇယား ဒုတိယနေရာက မကွေးအသင်းဟာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဂျီအက်ဖ်အေ အသင်းကို အနိုင်မကစားနိုင်ခဲ့တဲ့ အပြင် နောက်ကျဂိုးနဲ့ အရှုံးပါပေးခဲ့ရတာကြောင့် ရှုံးချက်နာခဲ့ရပြီး ဂျီအက်ဖ်အေကတော့ တန်းမဆင်းရဖို့ အတွက် အဖိုးတန် ရမှတ် ၃ မှတ် စုဆောင်းနိုင်ခဲ့သလို နောက်ပွဲတွေ အတွက် ယုံကြည်မှုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ ပွဲတွေကြောင့် လိဂ်ပြိုင်ပွဲကို ခေတ္တမရပ်နားခင် ပွဲစဉ် ၈ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ မကွေးအသင်း အနေနဲ့ ဒီနေ့ပွဲမှာတော့ အတော်လေး ခြေစွမ်းပျက်ယွင်း ခဲ့တာကို တွေ့ရပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် တိုက်စစ်မှာ အောင်မြင့်ထွန်း မပါနိုင်တာကလည်း မကွေးရဲ့ တိုက်စစ်ပိုင်းကို တစ်နည်းတစ်ဖုံ အားနည်းစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဂျီအက်ဖ်အေကတော့ ခြေစွမ်းကောင်း မပြနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်တစ်လျှောက်လုံး ကိုယ့်ထက် အင်အားကြီးတဲ့ မကွေးကို စိတ်ဓာတ်ကောင်းကောင်းနဲ့ အပြန်အလှန် ကစားခဲ့တာကို တွေ့ရပါတယ်။

ဂျီအက်ဖ်အေ အသင်းအနေနဲ့ ဒီတစ်ပွဲလုံးမှာ မကွေးအသင်း ဂိုးပေါက်ကို သုံးကြိမ်သာ ကန်သွင်းခွင့် ရခဲ့တာ ဖြစ်ပြီး ဒီထဲက နောက်ဆုံး ကန်သွင်းမှုက အနိုင်ဂိုးကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ မကွေးဂိုးသမား ကျော်ဇင်ဖြိုး ပုတ်ထုတ်လိုက်တာကို အဆင့်ဆင့် ကန်သွင်းပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးဖြစ်စေမယ့် ကန်ချက်ကိုတော့ ပွဲချိန် ၈၁ မိနစ် အရောက်မှာ လူစားဝင် တောင်ပံကစားသမား Mung Theih Pau က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်း ပွဲချိန်တွေမှာတော့ မကွေးအသင်းအနေနဲ့ ချေပဂိုး ပြန်ရဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့်လည်း ချွတ်ချော်မှုတွေ များခဲ့တာကြောင့် ပွဲပြီးတဲ့အချိန်ထိ ချေပဂိုး ပြန်မရတော့ဘဲ ဂျီအက်ဖ်အေ အသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ မကွေးအသင်း အနေနဲ့ ဒီပွဲအရှုံးကြောင့် အဆင့် ၄ နေရာထိ ဆင်းသွားပေးရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။