ရှမ်းပြည်နယ်အတွင်း လူငယ်ဘောလုံးပွဲတော်နှင့်လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

April 2, 2018

ရှမ်းပြည်နယ် ၀န်ကြီးချုပ်မှလည်း ၀မ်းမြောက်ကြိုဆိုပြီး လိုအပ်သည်များ ပံ့ပိုးပေးမည်ဟု ပြောကြား

ယခုနှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူငယ်ဘောလုံးပွဲတော်(MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ(MPT U-14 Football Tournament 2018)များ ကျင်းပရန် ရှိပြီး ရှမ်း ပြည်နယ်အတွင်း တွင် အဆိုပါပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက်(ယနေ့) ညနေပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုး ထွန်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွှန်ကို၊ မြန်မာနေရှင်နယ်လိဂ် Project Manager ဦးသိုက်စံထွန်း၊ မြန်မာနေရှင်နယ်လိဂ် Operation Manager ဦးအောင်အောင်မျိုး၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရှမ်းယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း၊ တောင်ကြီးမြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်လက်ရွေးစင်ကစားသမား ဟောင်းများ အသီးသီးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနား အစီအစဉ်အရ ရှမ်းပြည်နယ် ၀န်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၀န်ကြီးချုပ်မှ အခုလို ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူငယ်ဘောလုံးစီမံကိန်းများ လာရောက်ရှင်းလင်းပြသပေးသည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်သည် မြန်မာဘောလုံးအတွက် မရှိမဖြစ် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ အခုလို လူငယ်ပွဲတွေ ဆောင်ရွက်ပေးဖို့ စီစဉ်နေတာ သိရတဲ့အတွက် များစွာ ၀မ်းမြောက်မိကြောင်း၊ လူငယ်များအတွက် အင်မတန် အကျိုးရှိသည့် အစီအစဉ်ဖြစ်သည့်အပြင် လူငယ်တွေ အနေနဲ့ မှူးယစ်ဆေးဝါးရန်ကနေ ကာကွယ်ပြီးသား ဖြစ်ကြောင်း၊ အားကစားမြင့်တင်ရေးသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါကြောင်း၊ ဘောလုံးသည် မိမိကိုယ်တိုင်အပါအ၀င် တစ်နိုင်ငံလုံး အားပေးသော အားကစားနည်းတစ်ခုဖြစ်ပါ ကြောင်း ၊ ယခုလူငယ်စီမံကိန်းအစီအစဉ်များ၊ ဘောလုံးပွဲတော်များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ ပြည်နယ်အစိုးရအနေဖြင့်လည်း လိုအပ်သည်များကို အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အစီအစဉ်အရ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်မှ နိုင်ငံ၏ အမျိုးသားအားကစားဖြစ်သည့် ဘောလုံးအားကစားတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်သည့် လူငယ်ဘောလုံးပွဲတော်များနှင့် လူငယ်ဘောလုံးပြိုင်ပွဲများ၏ အရေးကြီးပုံနှင့် ယခုနှစ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတို့တွင် ကျင်းပရန် စီစဉ်ထားသည့် MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်သည့် စီမံဆောင်ရွက်သွားမည့် အစီအစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နှင့် စည်ပင်သာယာရေးဝန်ကြီးတို့မှ ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ မြန်မာနေရှင် နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော် တင်ပြခဲ့သည့် လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲ အစီအစဉ်များသည် လွန်စွာကောင်းမွန်ပါကြောင်း၊ မြန်မာ့ဘောလုံး ရေရှည်တိုးတက်ရေးအတွက် ယခုအစီအစဉ်များမှာ အလွန် အရေးကြီးပြီး အခြေခံကျပါကြောင်း၊ မိမိတို့ ငယ်စဉ်အခါက ဘောလုံးလိမ်ခေါက်ခြင်း(Dribbling)၊ ဘောလုံးထိတွေ့ခြင်း(Ball Feeling)စသည့်များကို ယခု ကဲ့သို့ စနစ်တကျ သင်ကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ လက်ရှိ အနာဂတ်လူငယ်များအနေဖြင့် ဘောလုံးပညာရပ် များကို ငယ်စဉ်မှ စတင်ကာ စနစ်တကျ သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း၊ ယခုလို လာရောက်ရှင်းပြသည့် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော် ဦးဆောင်သည့်အဖွဲ့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူငယ် ဘောလုံးပွဲတော်များ၊ လူငယ်ဘောလုံး ပြိုင်ပွဲများ ကျင်းပနိုင်အောင် မြန်မာနေရှင်နယ်လိဂ်နှင့်အတူ ပူးပေါင်းပါဝင် ပံ့ပိုးပေးပါသော MPT ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ မြန်မာ့ဘောလုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ယခုလူငယ်ဘောလုံးပွဲတော်များ/ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ ရှမ်းပြည်နယ်၏ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနများအပါအ၀င် ဆက်စပ်ဌာနဆိုင်ရာ အားလုံးကလည်း လိုအပ်သလို ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။