Grassroots Festival နှင့် U-14 Football Tournament များ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အား သွားရောက်တွေ့ဆုံ~တိုင်းဒေသကြီးအစိုးရမှ အားတက်သရော ပူးပေါင်းဆောင်သွားမည်ဖြစ်

April 2, 2018

ကလေးသူငယ်များ ဘောလုံးအားကစားတွင် ပိုမိုစိတ်ပါဝင်စားလာပြီး အခြေခံပညာကျောင်းများနှင့် လူထုကြားထဲတွင် ပိုမိုရောက်ရှိလာစေရန်၊ ကျန်းမာကြံ့ခိုင်လာရန်နှင့် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မုံရွာမြို့တွင် ကျင်းပမည့် Grassroots Festival နှင့် U-14 Football Tournament များ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊  စစ်ကိုင်းတိုင်းဒေသကြီး  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး  အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်ညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ စစ်ကိုင်းယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမျိုးမင်းထိုက်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ MPT မှ တိုင်းဒေသကြီး မန်နေဂျာ ဦးမောင်မောင်စိုးဝင်း၊ တိုင်းဒေသကြီး စီးပွားရေးတာဝန်ခံ ဦးကျော်ထွေးနှင့် စစ်ကိုင်းယူနိုက်တက်အသင်းမှ  တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင် ဦးဆောင်သည့် မြန်မာနေရှင်နယ်လိဂ် ကိုယ်စားလှယ်အဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် Grassroots Festival နှင့် U-14 football Tournament ကျင်းပသွားမည့် နေ့ရက်၊ ပြိုင်ပွဲပုံစံ အစရှိသည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။

ယင်းသို့ သွားရောက် တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အားကစားသည် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါသည့် အလျှောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်းကျင်းပမည့် Grassroot Football Festival နှင့် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျင်းပမည့် အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ ယခုပြိုင်ပွဲများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍတိုးတက်စေရန် အထောက်ပြုမှာဖြစ်ကြောင်း၊ မိမိကိုယ်တိုင်မှ ဘောလုံးအားကစားကို စိတ်ဝင်စားသူဖြစ်ပြီး လူငယ်များကို အခြေခံသည့် ယခုစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေသွားမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့အတူ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ လက်ရှိ မြန်မာ့ဘောလုံးလောက အခြေအနေအား ဦးစွာတင်ပြပြီး ယခှုနှစ်မှ စတင်၍ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေခံကာ Grassroot Festival နှင့် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယင်းတို့အထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း  ကျင်းပသွားမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အား လာရောက် ဂါရ၀ပြု တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ဦးစွာ နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်ပြီး  မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ်မှ Grassroot  ဘောလုံးပွဲတော်အား အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအတွက် အဓိက ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် စီမံကိန်း၌  ကျောင်းသားလူငယ်များ၊ ဆရာ/ဆရာမများအပြင် အုပ်ထိန်းသူ မိဘပြည်သူများ ပါဝင်လာပါက ပိုမိုထိရောက်သည့် ပြိုင်ပွဲအသွင်ဆောင်လာမည်ဟု ယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Grassroot Football Festival ကျင်းပပြီးပါက အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများ  ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများအားလည်း ဘောလုံးအားကစားနှင့် သက်ဆိုင်သည့် သင်တန်းများ ပေးသွားမည်ဖြစ်ပါကြောင်း စသဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဘောလုံးအားကစားသည် အစုအပေါင်း အသင်းအဖွဲ့နှင့် လုပ်ဆောင်ရသည့် ကစားနည်းဖြစ်၍ လူငယ်များအနေဖြင့် စည်းလုံး ညီညွတ်စွာ ဆောင်ရွက်တတ်မှု၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုစသည့် အားကစားစိတ်ဓါတ်များ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ယခုကျင်းပမည့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်းဆုံးကြိုးစား ကူညီ ဆောင်ရွက်မှာ ဖြစ်သည့်အပြင် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် အားတက်သရော ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနေရှင်နယ်လိဂ်မှ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား အမှတ်တရလက်ဆောင်အဖြစ် မြန်မာ့လက်ရွေးစင်အသင်း ၀တ်စုံ ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့  ပူးပေါင်းကျင်းပမည့် Grassroot Football Festival နှင့် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ် အထိ တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ ရခိုင်၊ ပုသိမ်၊ ရန်ကုန်စသည့် နေရာ ရှစ်နေရာတွင်ကျင်းပသွားမည်ဖြစ်သည်။ အလားတူ MPT U-14 Tournament 2018 ဘောလုံးပြိုင်ပွဲများကို တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ ရခိုင်၊ ပုသိမ်၊ ရန်ကုန်စသည့် နေရာ ရှစ်နေရာတွင် ကျင်းပသွားရန် သတ်မှတ်ထားသည်။

မုံရွာမြို့တွင် ကျင်းပမည့် MFF – MPT Grassroots Festival 2018 ဘောလုံးပွဲတော်ကို ကျောင်းသား/သူ လူငယ် (၂၅၀) ဖြင့်  သြဂုတ် ၅ ရက်မှ ၈ ရက်ထိ လည်းကောင်း၊ MPT Youth U-14 Tournament 2018 ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ သင်းဖြင့်  သြဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၄ ရက်ထိ ကျင်းပသွားရန် စီစဉ်ထားရှိပါသည်။

Grassroot Football Festival ကျင်းပရန်အတွက် လိုအပ်သည့် ဘောလုံး (၂၅၀)၊ အားကစားဝတ်စုံနှင့် အခြားလိုအပ်သည့် လေ့ကျင့်ရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အသင်းတစ်သင်းလျင် ငွေကျပ် (၁၀) သိန်း၊ ဘောလုံး အရေအတွက် (၅၀) နှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးသွားမည့်အပြင် အနိုင်ရရှိသည့် အသင်းအား ဆုကြေး၊ ဆုတံဆိပ်၊ ဆုဖလားတို့ကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ Title အဖြစ် ပံ့ပိုးပေးမှုနှင့် အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပသွားမည့် အဆိုပါပြိုင်ပွဲများတစ်ဆင့်   မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အထောက်အပံ့တစ်ခု အဖြစ် ပေါ်ထွက်လာမည်လည်း ဖြစ်ပါသည်။