မီးခဲပြာဖုံး ဘောလုံးသမားများ ပေါ်ထွက်လာရေး စီမံကိန်းအတွက် မွန်ပြည်နယ် အစိုးရမှ အားတက်သရော ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်

April 4, 2018

ယခုနှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်း၍ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူငယ်ဘောလုံးပွဲတော် (MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) များ ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့၌ အထက်ပါပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၄ ရက် မွန်းလွဲပိုင်းက ရာမညဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ MPT မှ ပြည်နယ်ဆက်သွယ်ရေး မန်နေဂျာ ဦးဇော်နိုင်လင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွန့်ကို၊ မြန်မာနေရှင်နယ်လိဂ် Project Manager ဦးသိုက်စံထွန်း၊ မြန်မာနေရှင်နယ်လိဂ် Operation Manager ဦးအောင်အောင်မျိုး၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်၊ ဒု-ညွှန်မှူး ဦးခင်ဇော်၊ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ္ဋ်၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင် ဦးမြင့်လွင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးညွန့်ဝေ၊ ဒုတိယဥက္ကဌ ဦးစိုးတင့်၊ ဆောက်သမ်းမြန်မာအသင်း ကွင်းရုံတာဝန်ခံ ဦးလှဝင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ပြည်နယ်လက်ရွေးစင်ဟောင်းများ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ အခမ်းအနား အစီအစဉ်အရ မွန်ပြည်နယ် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ယနေ့အခမ်းအနားသည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အနေဖြင့် ပါဝင်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT ၊ နှင့် မွန်ပြည်နယ်မှ ဌာနဆိုင်ရာများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ ပူးပေါင်း၍ ကျင်းပသွားမည့် (MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) များ ကျင်းပသွားရန် ညှိနှိုင်းပေါင်းစပ်သည့် အစည်းအဝေးတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်အားလည်း ၀မ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများကိုယ်တိုင် လာရောက်ရှင်းလင်းပြောဆိုပေးသည့်အတွက် ပြိုင်ပွဲပြုလုပ်ကျင်းပမည့် အခြေအနေများအား အသေးစိပ် နားလည်သိရှိရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အား/ကာနှင့် ပညာရေးဌာနတို့မှ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကောလိပ်အဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည့်နည်းတူ နွေရာသီဘောလုံးအခြေခံသင်တန်းများ ဖွင့်လှစ်၍ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များလည်း မွန်ပြည်နယ်အတွင်း ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အတွက် ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားနိုင်တော့မှာဖြစ်ကြောင်း ၊ ယခု လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲအား ပြည်နယ်အစိုးရမှ အားတက်သရော ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများမှလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း စသဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ၎င်းဦးဆောင် လာရောက်သည့် ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦးချင်းစီအား ဦးစွာ မိတ်ဆက်ပေးသည်။ ဆက်လက်၍ အမှုဆောင်အရာရှိချုပ်မှ မြန်မာနေရှင်နယ်လိဂ် အဓိကဖိတ်ဖက်ဖြစ်သည့် MPT ၏ ကူညီပံ့ပိုးပေးမှုဖြင့် MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) ပြိုင်ပွဲများအား ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပသွားရန် စီစဉ်ထားရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌လည်း အပါအ၀င်ဖြစ်ပါကြောင်း၊ ထို့အတွက် ယခုခရီးစဉ်အား လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံး အားကစား တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် လူငယ်ဘောလုံးပွဲတော်များမှာ အရေးပါလှသော ကနဦး ခြေလှမ်းများ၏ အစပင်ဖြစ်ပါကြောင်း၊ စသဖြင့် မိတ်ဆက်ပြောကြားကာ MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) ပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်အား ပရော်ဂျက်တာဖြင့် ပြသကာ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ လူငယ်ဘောလုံးပွဲတော်များ ပြုလုပ်သွားမည့် အစီအစဉ်များ အပါအ၀င် ၎င်းတို့ သိလိုသည့် အချက်များအား တစ်ဦးချင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ အမှုဆောင်အရာရှိချုပ်မှ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိပ် ပြန်လည် ရှင်းလင်းဖြေကြားပေးမှုအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဖွဲ့စည်းထားရှိသည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့်ပါ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည့် အခြေအနေများလည်း ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ တစ်ဦးချင်း မေးမြန်းဆွေးနွေးမှု အပြီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ မီးခဲပြာဖုံး ဘောလုံးသမားများ ပေါ်ထွက်လာရေး စီမံကိန်းအတွက် မွန်ပြည်နယ် အစိုးရမှ အားတက်သရော ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ လာရောက်ရှင်းပြသည့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် ဦးဆောင်သည့်အဖွဲ့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် လူငယ် ဘောလုံးပွဲတော်များ၊ လူငယ်ဘောလုံး ပြိုင်ပွဲများ ကျင်းပနိုင်ရန် ပူးပေါင်းပါဝင် ပံ့ပိုးပေးပါသော MPT ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ဘောလုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ယခုလူငယ်ဘောလုံးပွဲတော်များ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည် ဖြစ်သည့်အပြင် ပညာရေးဌာနများ၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ ဌာနအသီးသီးမှလည်း အတူတကွပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ လူမှုရေးဝန်ကြီးအား မြန်မာ့လက်ရွေးစင်အသင်းဂျာစီအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

မွန်ပြည်နယ်တွင် ကျင်းပသွားမည့် MFF-MPT Grassroots Football Festival 2018)နှင့် ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) များအား စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။