မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအား ယခုထက်ပိုမို ပရိသတ် စိတ်ဝင်တစား အားပေးလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် ဦးဆောင်သည့် အဖွဲ့သည် ဆောက်သမ်းမြန်မာအက်ဖ်စီအသင်း တာဝန်ရှိသူများ၊ အသင်း ဖန်အဖွဲ့ခေါင်းဆောင်များနှင့် မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာအသင်း၏ အိမ်ကွင်း အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မြန်မာနေရှင်နယ် လိဂ်အနေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကလပ်အသင်းတာဝန်ရှိသူများ ၊ ဒေသခံ ဘောလုံးပရိသတ်များ(Fan Leaders)၊ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးနေခြင်းဖြစ်ြ့ပီး ယနေ့အခမ်းအနားသို့ ဆောက်သမ်းမြန်မာအသင်း အမာခံပရိသတ်များ၊ တက်ကြွသည့် ဖန်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။
ရှေ့ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ဘောလုံးရေခံမြေခံ ကောင်းမွန်သည့် မွန်ပြည်နယ်တွင် အသက် ၆ မှ ၁၂ ကြား ကလေးများအတွက် ရည်ရွယ်သည့် Grassroots ပွဲတော်များနှင့် အသက်-၁၄ နှစ်အောက် ဘောလုံးပွဲတော်များကို မြန်မာနေရှင်နယ်လိဂ် အဓိကမိတ်ဖက် MPT မှ အဓိက ပံ့ပိုးကူညီမှုဖြင့် ယခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်ရှိ အနာဂတ်မျိုးဆက်သစ်တို့အတွက် ၀မ်းသာစရာပင်ဖြစ်ပါကြောင်း၊ ဦးစွာနှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်ပြီး
ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ပေးသည့် အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ ဖန်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် အသင်းပရိသတ်များအနက် တတိယမြောက် အင်အား အကောင်းဆုံးအဖွဲ့အဖြစ် ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ဆောက်သမ်းမြန်မာအသင်းကို အားပေးခြင်းသည် မြန်မာ့လက်ရွေးစင် အသင်းကို အားပေးခြင်းဟု ယူဆ၍ အစဉ်အမြဲအားပေးနေသင့်ပါကြောင်း စသဖြင့် နှုတ်ဆက်ပြောကြား၍ ပွင့်ပွင့်လင်းလင်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဖန်အဖွဲ့ခေါင်းဆောင်များမှ တစ်ဦးချင်း ဆွေးနွေးချက်များတွင် ဆောက်သမ်းမြန်မာအသင်း အိမ်ကွင်းပွဲစဉ်များ မတိုင်မီ မော်လမြိုင်မြို့ပေါ်အပြင် အခြားသော ချောင်းဆုံ၊ မုဒုံ၊ မုတ္တမ၊ ကျိုက်မရောစသည့် မြို့နယ်များသို့ သွားရောက်၍ အသိပေးလှုံ့ဆော်မှုများ ပြုလုပ်ပေးခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်း အစီအစဉ်များ၊ ကလပ်အသင်းမှ ဦးဆောင်၍ ဘောလုံးအခြေခံသင်တန်းများပေးခြင်းနှင့် ပြိုင်ပွဲကျင်းပသည့် အချိန်အား အနည်းငယ် နောက်ဆုတ် ကျင်းပပေးစေလိုခြင်း ၊ ကစားသမားများ အနေဖြင့် နိုင်သည့်အခါမှသာ ပရိသတ်အား နှုတ်ဆက်ခြင်း မဟုတ်ဘဲ အသင်းရလဒ်မကောင်းသည့် အခါတွင်လည်း ပရိသတ်အား နှုတ်ဆက်သင့်ပါကြောင်း စသည့်အချက်များအား စိတ်ရောကိုယ်ပါ ဆွေးနွေးခြင်းများ ရှိခဲ့သည်။ အဆိုပါအချက်များအပြင် မိမိတို့အသင်း ရလဒ်ကောင်း ရရှိရေးအတွက် ဆောက်သမ်းမြန်မာအသင်း ယှဉ်ပြိုင်ကစားသော အဝေးကွင်းပွဲစဉ် အချို့၌ (မိမိတို့ အစီအစဉ်ဖြင့်) လိုက်ပါအားပေးနိုင်ရေး အစီအစဉ်ကို ရေးဆွဲထားပါကြောင်းလည်း ဖန်အဖွဲ့ခေါင်းဆောင်အချို့မှ ဆွေးနွေးခဲ့ကြသည်။
ဆောက်သမ်းမြန်မာအသင်းသည် လက်ရှိ MPT Myanmar National League 2018 ပွဲစဉ် (၉) အပြီး ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၈ တွင် ရပ်တည်နေသည်။ ယခုတစ်ပတ် ပွဲစဉ်(၁၀)၌ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို အိမ်ကွင်း ရာမညမြေတွင် ဧည့်ခံယှဉ်ပြိုင်သွားရမည်ဖြစ်ရာ ယခင် အားပေးနှုန်းထက် ပိုမိုသော ပရိသတ်အင်အားကို မြင်တွေ့ရဖွယ်လည်း ရှိနေသည်။
ယခုအခါ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် မော်လမြိုင်မြို့အပြင် ပုသိမ်၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်း၊ မန္တလေး စသည့် မြန်မာနေရှင်နယ်လိဂ် ကိုယ်စားပြု အသင်းများ ပါဝင်ကစားလျက်ရှိသည့် ဒေသများသို့ သွားရောက်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ၊ ကလပ်အသင်း တာဝန်ရှိသူများ၊ ဖန်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ကျန်ရှိသည့် ဒေသများသို့ သွားရောက်ကာ တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ကလပ်အသင်း အားပေးသည့် ပရိသတ်များအား ပွဲစဉ်တိုင်း၌ ပိုမိုတက်ကြွ သက်ဝင်စွာ အားပေးနိုင်ရန် လိုအပ်သော ဘင်ခရာနှင့် တူရိယာပစ္စည်းများ ၀ယ်ယူနိုင်ရန် အတိုင်းတာတစ်ရပ်အထိ ပံ့ပိုးကူညီ ပေးသွားရန်လည်း စီစဉ်ထားပါကြောင်း ဆွေးနွေးပွဲ နိဂုံးချုပ်တွင် အမှုဆောင်အရာရှိချုပ်မှ ထည့်သွင်းပြောဆိုခဲ့သည်။