မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၏ စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေစေရေး အလေးထားလျှက် ရှိသည့် မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကြီးမှူးကျင်းပလျှက် ရှိသည့် လူငယ်လိဂ် ပြိုင်ပွဲ ၄ ရပ်တွင် တာဝန် ထမ်းဆောင်နေသော ပွဲကြီးကြပ်များ၏ ကွင်းတွင်း၊ ကွင်းပြင် စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ကာ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ အစည်းအဝေးခန်းမ အမှတ်(၁) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနေရှင်နယ်လိဂ်၏ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ဌာန တာဝန်ခံ ဦးအောင်သူမြင့်၊ မြန်မာနိုင်ငံ၏ အာရှအဆင့် ပြိုင်ပွဲကြီးကြပ် တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် Operation Senior Manager ဦးဝင်းထူးအောင်တို့ နှင့် အတူ လူငယ်လိဂ်ပြိုင်ပွဲများ၌ လက်ရှိ တာဝန်ထမ်းဆောင်လျှက် ရှိနေသည့် ပြိုင်ပွဲကြီးကြပ်များ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနေရှင်နယ်လိဂ်၏ စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က လူငယ်လိဂ် ပြိုင်ပွဲများတွင် လက်ရှိ တာဝန်ထမ်းဆောင် နေကြသည့် ပြိုင်ပွဲကြီးကြပ်များ၏ အရည်အသွေးပိုင်း ပိုမိုတိုးတက် လာစေရန်နှင့် ပိုမိုကောင်းမွန်၊ အဆင့်အတန်း မြင့်မားသည့် ပြိုင်ပွဲတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ကာ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း ဆိုခဲ့ပြီး သိလိုသည်များနှင့် မရှင်းလင်းသည်များ၊ ပြိုင်ပွဲများကို ကြီးကြပ်နေစဉ် အတွင်း ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း တင်ပြဆွေးနွေး ကြစေလိုကြောင်း မှာကြားခဲ့သည်။
ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကြပ်သူ တစ်ဦးဖြစ်ပြီး အာရှချန်ပီယံလိဂ် ပြိုင်ပွဲများတွင်ပါ သွားရောက် တာဝန်ထမ်းဆောင်လျှက် ရှိသည့် ဦးထွန်းထွန်းအောင်က ပွဲမတိုင်မီ၊ ပွဲချိန်အတွင်းနှင့် ပွဲအပြီးများတွင် ပွဲကြီးကြပ် တစ်ဦးအနေဖြင့် လုပ်ဆောင်သင့်သည်များ၊ ပြဿနာများ ဖြစ်ပွားလာပါက ကိုင်တွယ် ထိန်းချုပ်ပုံများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပွဲအပြီးတွင် အစီရင်ခံစာ ရေးသားပုံများ စသည့် အချက်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ပွဲကြီးကြပ်များ ကလည်း ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်လည် တင်ပြ ဆွေးနွေးခဲ့ကြသည်။