နှစ်သစ်ကူး အခါသမယကို အောင်ပွဲနှင့် ဖြတ်သန်းမည့် အသင်းများအား အဖြေညှိ ရွေးထုတ်ပေးမည့် ရက်သတ္တပတ် သို့မဟုတ် ရန်ကုန်-ရတနာပုံ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်ပါဝင်နေသည့် မြန်မာလိဂ် ပွဲစဉ်(၁၀)

April 5, 2018

မကြာခင်ကာလတွင်  မြန်မာတို့၏ နှစ်သစ်ကူးအတာ သင်္ကြန်ကာလကို ရောက်ရှိတော့မည်ဖြစ်သည်။  MPT Myanmar National League 2018 ပွဲစဉ်(၁၀) ကို ဧပြီလ ၆ ရက်မှ ၈ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ရာ နှစ်သစ်အား အနိုင်ရလဒ်နှင့် ကမ်းလင့်မည့် အသင်းများကို အဖြေညှိ ရွေးထုတ်ပေးမည့် ရက်သတ္တပတ်လည်းဖြစ်သည်။ MPT Myanmar National League 2018 ပွဲစဉ်များကို မဟာသင်္ကြန်ကာလအတွင်း  ရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၂၈ ရက်မှ ပြန်လည် ကျင်းပသွားမည်ဖြစ်သည်။

ယခုတစ်ပတ်တွင် အစဉ်အလာပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရန်ကုန်-ရတနာပုံအသင်းတို့ ပွဲစဉ်အပါအ၀င်၊ ဆောက်သမ်းမြန်မာ-ရှမ်းယူနိုက်တက်၊ ဟံသာဝတီ-ဂျီအက်ဖ်အေ၊ ရခိုင်-မြ၀တီ၊ မကွေး-ဇွဲကပင်၊ ဧရာဝတီ-စစ်ကိုင်း အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ရာ မြန်မာနှစ်သစ်ကူးအား အောင်ပွဲနှင့် ကြိုလင့်နိုင်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

၆-၄-၂၀၁၈

ဆောက်သမ်းမြန်မာ-ရှမ်းယူနိုက်တက် (မော်လမြိုင်)- ၃း၃၀၊ Live- MRTV Sport& For Sports

MPT Myanmar National League 2018  ပွဲစဉ်(၁၀) ၏ အစောပွဲစဉ်အဖြစ် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြေတွင် ဆောက်သမ်းမြန်မာအသင်းနှင့်  လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယမန်နှစ် ထိုနှစ်သင်း တွေ့ဆုံမှုတွင်  ဧည့်သည်အသင်းက နှစ်ကျော့စလုံးတွင် အသာရရှိထားသည်ကို တွေ့ရမည်ဖြစ်သည်။ ပထမအကျော့ တောင်ပေါ်မြေတွင် နှစ်ဂိုးပြတ် အနိုင်ရရှိထားသကဲ့သို့ ဒုတိယအကျော့ ရာမညမြေတွင် ထပ်ဆုံယှဉ်ပြိုင်ရာတွင်လည်း အထက်ပါ ရလဒ်ဖြင့်ပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။  ယခုနှစ် ဆောက်သမ်းအသင်း အိမ်ကွင်းစွမ်းဆောင်ရည်ကိုကြည့်လျင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်  ပြိုင်ဘက်အသင်းတိုင်းကို အကောင်းဆုံးတုံ့ပြန် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အချက်ကို ဖော်ပြနေပြီး လျော့တွက်ရင် အလျော့တွက်နှင့် အတူ ပေးဆပ်လှည့်ပြန်သွားရမည့် အခြေအနေကို ဖန်တီးနိုင်သည့် အသင်းဖြစ်သည်။  တစ်ဖက်တွင် ရှမ်းအသင်းကလည်း ရန်ကုန်-ရတနာပုံ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်အရေးယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းနှင့်  ရမှတ်ကွာဟမှု လျော့ချနိုင်ရေး  ကြိုးပမ်းလာမည်ဖြစ်သည့်အတွက် ပွဲကောင်းတစ်ပွဲဖြစ်မည်မှာ အသေအချာဖြစ်သည်။

၇-၄-၂၀၁၈

ရန်ကုန်-ရတနာပုံ (သုဝဏ္ဏ)- ၄း၀၀၊ Live – MRTV & For Sports

အစဉ်အလာပြိုင်ဘက်နှစ်သင်း သုဝဏ္ဏကွင်း၌ ရင်ဆိုင်ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ဖြစ်သည်။ ဧည်သည်အသင်းသည်  ရာသီအစပွဲစဉ်များတွင် အောင်ပွဲများဆက်တိုက် ရယူပြလိုက်ခြင်းဖြင့် ၎င်းတို့အသင်းအပေါ်  ဝေဖန်မှုများကို တိတ်ဆိတ်သွားအောင် လုပ်ပြနိုင်ခဲ့သည်။ သို့သော် ပွဲစဉ်ကြာလာသည်နှင့်အမျှ နိုင်ပွဲများ ရရှိရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့်အပတ်ကလည်း အိမ်ကွင်းတွင် ဟံသာဝတီကို အရေးနိမ့်ထားခဲ့သည်။ ထို့ကြောင့် အမှတ်ပေးဇယား ဦးဆောင်ခွင့်နေရာ ဆက်လက်တည်မြဲနိုင်ရေး ကြိုးပမ်းလာမည့် ရန်ကုန်အသင်း၏ ပြည်တွင်း၊ပြည်ပ အစုအဖွဲ့ကြောင့် ဧည့်သည် အသင်း အနည်းငယ် ရုန်းကန်ရဖွယ်ရှိနေသည်။  မည်သို့ပင်ဖြစ်စေ အစဉ်အလာပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်က ပရိသတ်များ၏ စိတ်ဘ၀င်ကို ဖမ်းစားသွားဦးမည်သာဖြစ်သည်။

၇-၄-၂၀၁၈

ဟံသာဝတီ-ဂျီအက်ဖ်အေ (ပဲခူး)- ၃း၃၀၊ Live- MNL Web TV FB

ရတနာပုံအသင်းကို အဝေးကွင်းတွင် ပူပူနွေးနွေး အနိုင်ရရှိထားသဖြင့် ဟံသာဝတီအသင်း စိတ်ဓာတ်တက်ကြွနေမည်မှာ အသေအချာဖြစ်သည်။ လက်ရှိအမှတ်ပေးဇယားတွင်လည်း ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၅ နေရာကို ရယူထားနိုင်ပြီး တိုက်စစ်မှူး ဂျိုးဇက်ကလည်း ပုံမှန်ဂိုးသွင်းခြေ ရလာပြီဟု ဆိုရမည်ဖြစ်သည်။ အလားတူ ပြိုင်ဘက်အသင်းကလည်း ပွဲစဉ်(၉) တွင် အမှတ်ပေးဇယားထိပ်ဆုံးနားက မကွေးအသင်းကို အနိုင်ယူပြလိုက်ခြင်းဖြင့် ဘယ်အရာမဆို လုပ်ပြနိုင်စွမ်းရှိသည့် အသွင်ကို ဖော်ဆောင်နေသည်။  ယခုပွဲစဉ်သည် ဟံသာဝတီအသင်း၏ အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းမွန်မှု၊ ဂျီအက်ဖ်အေအသင်း၏ တန်းဆင်းဇုန်အန္တရာယ်အတွင်းက ရုန်းထွက်ရန် ကြိုးပမ်းမှုတွေကြောင့် ဟံသာဝတီမြေတွင် နောက်ထပ် အကြိတ်အနယ်ပွဲစဉ်တစ်ပွဲကို ရှုစားကြရမည်ဖြစ်သည်။

၈-၄-၂၀၁၈

ရခိုင်ယူနိုက်တက်-မြ၀တီအက်ဖ်စီ (စစ်တွေ) – ၃း၃၀၊ Live- MNL FB

ရခိုင်ယူနိုက်တက်အသင်းက ယခုနှစ် အိမ်ကွင်းပွဲစဉ်များတွင် ရာနှုန်းပြည့် နိုင်ပွဲရယူထားနိုင်သည့် အသင်းဖြစ်ပြီး ပေးဂိုးလည်း မရှိသေးပေ။ ထို့ပြင် စုစည်းမှုအားကောင်းသည့် အသင်းလည်းဖြစ်ပြီး တိုက်စစ်မှူး ဆန်းဒေး၊ စည်သူသန်းစိုးတို့ကလည်း အိမ်ကွင်းဆိုလျင် ဂိုးသွင်းခြေ ပိုမိုကောင်းမွန်သူများ ဖြစ်သည်။ ထို့ပြင် ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ခဲ့သည့် အသင်းခေါင်းဆောင် လှအေးထွေး ယခုပွဲစဉ်ကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့သော် ဧည့်သည်အသင်းကလည်း ခေသည့် အသင်းတစ်သင်းတော့ မဟုတ်ချေ။ ပြီးခဲ့သည့် ပွဲစဉ်(၉)တွင် ရန်ကုန်အသင်းကို အကြိတ်အနယ်ကစားပြီး တစ်ဂိုး၊ ဂိုးမရှိ ရလဒ်ဖြင့် ကပ်၍ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသင်းကြီးများကို သရေရလဒ်များ ထွက်ပေါ်အောင် ကစားထားနိုင်သည့် အစဉ်အလာကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ သို့သော် ယခုပွဲစဉ်၌ မြ၀တီအသင်းအတွက် အခက်အခဲမှာ ကစားသမားများ ပွဲပန်းမှု ဖြစ်ပေါ်နိုင်ခြေရှိသည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ရခိုင်မြေတွင် အိမ်ရှင်အသင်းကပဲ အနိုင်ရသွားမည်လား… ဧည့်သည်အသင်းကပဲ သုံးမှတ်ပြည့် ယူဆောင်သွားနိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

၈-၄-၂၀၁၈

မကွေးအက်ဖ်စီ-ဇွဲကပင်ယူနိုက်တက် (သုဝဏ္ဏ)၊ ၄း၀၀၊ Live- MRTV & For Sports

အဆင့် ၂ နေရာက မကွေးအသင်းနှင့်  နှစ်ပွဲဆက်အနိုင်ရလဒ်နှင့် အတူ ယုံကြည့်မှုတွေ ပြည့်ဝနေသည့် ဇွဲကပင်အသင်းတို့  ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ဖြစ်သည်။ နှစ်သင်းစလုံးက စုစည်းမှုကောင်းကောင်းနှင့် နည်းစနစ်အသားပေး ယှဉ်ပြိုင်လာသည့် အသင်းများ ဖြစ်သောကြောင့် ပွဲကောင်းတစ်ပွဲအား လက်မလွတ်တမ်း စောင့်ကြည့်သင့်သည့် ပွဲစဉ်ဖြစ်သည်။ မကွေးအသင်း အနေဖြင့် အဆင့် ၂ နေရာ ဆက်လက်ရပ်တည်နိုင်ရေး  အနိုင်ရလဒ်ဖော်ဆောင်ရန် လိုအပ်နေသည့် နည်းတူ ဇွဲကပင်အသင်းကလည်း အဆင့် ၅ နေရာ တက်လှမ်းခွင့် ရရှိရေးအတွက် အားထည့်ကြိုးပမ်းလာမည်ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ပတ်ပွဲစဉ်များအနက် မကွေး-ဇွဲကပင်ပွဲစဉ်က ပရိသတ်အကြိုက်တွေ့မည့် ပွဲစဉ်တစ်ပွဲအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း  သတင်းကောင်းပါးလိုက်ချင်ပါသည်။

၈-၄-၂၀၁၈

ဧရာဝတီယူနိုက်တက်-စစ်ကိုင်းယူနိုက်တက်(ပုသိမ်)၊ ၃း၃၀၊ Live – MNL Web TV FB

အဆင့် ၉ နေရာမှ ဧရာဝတီယူနိုက်တက်အသင်းနှင့် အဆင့် ၁၀ နေရာက စစ်ကိုင်းယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်ဖြစ်သည်။  ဧရာဝတီအသင်းအတွက် တန်းဆင်းဇုန်အတွင်း အဆင့် ၁၁ နေရာက အသင်းနှင့် ရမှတ် ၂ မှတ်သာ ကွာဟနေသည့် အချက်က ရတက်မအေးဖွယ်ရာ ဖြစ်နေပေလိမ့်မည်။  ထို့အတူ တန်းတက် စစ်ကိုင်းယူနိုက်တက်အသင်း အနေဖြင့်လည်း ယခုထက်ပိုမိုသော စွမ်းဆောင်ရည်ကောင်းများ ပြသရန် လိုအပ်နေသည့် အခြေအနေလည်းဖြစ်သည်။ လက်ရှိအနေအထားကိုကြည့်ဆိုလျင် ခြေစွမ်းကွာဟမှု ကြီးကြီးမားမား မရှိသည့်အတွက်  နည်းပြချုပ် ဦးကျော်လွင်နှင့် ပြိုင်ဘက်နည်းပြ ဦးဇော်လင်းထွန်းတို့၏ အားပြိုင်မှုတွင် ဘယ်အသင်းက အသာရသွားမလဲ….နှစ်သစ်အား အနိုင်ရလဒ်နှင့် အတူ ဖွင့်လှစ်မည့်အသင်းက ဧရာဝတီလား.. စစ်ကိုင်းအသင်းလား စောင့်ကြည့်ရမည်ဖြစ်သည်။