MPT မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လူငယ်လိဂ်နှင့် ယူ-၁၉ လူငယ်လိဂ် ပွဲစဉ်များမှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်ချမှတ်

April 5, 2018

ပြီးခဲ့သည့် ဧပြီ (၃)ရက်က ကျင်းပခဲ့သည့် MPT Myanmar National League Youth (U-20) 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇) ပွဲစဉ် တစ်ပွဲဖြစ်သည့် ရွိုင်ရယ်သန်လျှင် အသင်းနှင့် တက္ကသိုလ် အသင်းတို့၏ ပွဲစဉ်နှင့် ဧပြီ (၄) ရက်က ကျင်းပခဲ့သည့် MPT Myanamr National League Youth (U-19) 2018 ပွဲစဉ် (၉)မှ ဂျီအက်ဖ်အေ အသင်းနှင့် ဟံသာဝတီ ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်များမှ ဖြစ်ရပ်များ အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ယနေ့ ဧပြီ ၅ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

ဧပြီ (၃) ရက်က တောင်ဒဂုံမြို့နယ်ကွင်းတွင် ကျင်းပခဲ့သည့် ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) အဖြစ် ရွိုင်ရယ် သန်လျှင် အသင်းနှင့် တက္ကသိုလ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပွဲချိန် (၇၂) မိနစ်တွင် တက္ကသိုလ် အသင်းမှ ရရှိသည့် ပင်နယ်တီကို တက္ကသိုလ် အသင်း တိုက်စစ်မှူး သူရမိုး ကန်သွင်းခဲ့ရာ ဂိုးဝင်သွားခဲ့သော်လည်း ကစားဖော်တစ်ဦး ဖြစ်သည့် ကျောနံပါတ် (၇)က ဥပဒေချိုးဖောက် ခဲ့သည့် အတွက် ဂိုးအဖြစ် မသတ်မှတ်ဘဲ ပြန်လည် ကန်သွင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ သူရမိုးပင် ထပ်မံကန်သွင်းခဲ့ပြီး ၎င်းကန်သွင်းသည့် ဘောလုံးကို ပြိုင်ဘက်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာသည့် ဘောလုံးကို အသင်းဖော် နိုင်ရဲကျော်က ကန်သွင်းကာ တက္ကသိုလ်အသင်းအတွက် ဂိုးရယူနိုင်ခဲ့ပါသည်။ ထိုသို့ ပင်နယ်တီ ပြန်လည် ကန်သွင်းခိုင်းသည့် ကိစ္စအား မကျေနပ်၍ သူရမိုးက ကွင်းလယ်ဒိုင်အား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့သောကြောင့် ကွင်းလယ်ဒိုင်မှ အနီကတ်ပြသကာ ထုတ်ပယ်ခဲ့ပါသည်။ သို့သော် သူရမိုးသည် ကွင်းအတွင်းမှ ထွက်လာပြီး ပွဲကြည့်စင်ပေါ် ရောက်သည်အထိ နည်းပြများ တားဆီးနေသည့် ကြားမှ ရိုင်းစိုင်းစွာ ဆဲဆိုနေခဲ့သောကြောင့် အဆိုပါ အပြုအမူအပေါ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အောက်ပါအတိုင်း အရေးယူမှု ပြုလုပ်ခဲ့သည်။

  • တက္ကသိုလ် အသင်းမှ ကျောနံပါတ် (၉) သူရမိုးအား MPT Myanmar National League Youth (U-20,U-18) 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် ၁၂-၃ နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်။

အလားတူပင် ဧပြီ (၄)ရက်က ယူ-၁၉ လူငယ်လိဂ် ပွဲစဉ် (၉)၏ ပွဲစဉ် တစ်ပွဲအဖြစ် စလင်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြသည့် ဂျီအက်ဖ်အေ အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်တို့၏ ပွဲချိန် ၄၅ မိနစ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပြီး ပြိုင်ပွဲအား (၃)မိနစ်ခန့် ရပ်နားခဲ့ရရာ အဆိုပါ ပွဲတွင် တာဝန်ကျခဲ့သည့် ဒိုင်လူကြီးကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းတို့အား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

(က) ဂျီအက်ဖ်အေ အသင်းမှ ဇွန်ညီညီထွန်းနှင့် Vanlalruata တို့နှစ်ဦးအား MPT Myanmar National League (U-21,U-19) 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း 12-3 နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၅)အရ အနီးစပ်ဆုံး (၆)ပွဲ ပါဝင်ကစားခွင့် မပြုရန်။

(ခ) ဟံသာဝတီ ယူနိုက်တက် အသင်းမှ သက်မင်းခန့်အား MPT Myanmar National League (U-21,U-19) 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း 12-3 နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၅)အရ အနီးစပ်ဆုံး (၆)ပွဲ ပါဝင်ကစားခွင့် မပြုရန်။

(ဂ) ဟံသာဝတီ ယူနိုက်တက် အသင်းမှ မြင့်မြတ်သန့်ဇင်အား MPT Myanmar National League (U-21,U-19) 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း 12-3 နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၄)အရ အနီးစပ်ဆုံး (၄)ပွဲ ပါဝင်ကစားခွင့် မပြုရန်။

(ဃ) ကွင်းလယ်ဒိုင် ဦးအောင်မျိုးသန့် အနေဖြင့် ကွင်းအတွင်း လုပ်ဆောင်ချက် အားနည်းခြင်းနှင့် ပြိုင်ပွဲအပြီး ဖြစ်စဉ် အစီရင်ခံစာ မရေးခြင်း၊ အရံဒိုင်လူကြီး ဦးထွန်းထွန်းနိုင် ဖြစ်စဉ် အစီရင်ခံစာ မရေးခြင်း တို့အတွက် ဒိုင်လူကြီးဌာနမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်။