၂၀၁၃ ခုနှစ်နောက်ပိုင်း ရှမ်းယူနိုက်တက်အသင်းကို ပထမဆုံးအကြိမ် ပြန်လည် အနိုင်ရရှိခဲ့တဲ့ ဆောက်သမ်းမြန်မာ

April 6, 2018

MPT Myanmar National League 2018 ပွဲစဉ်(၁၀) ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်းမြန်မာ-ရှမ်းယူနိုက်တက်ပွဲစဉ်ကို ဒီကနေ့ ညနေပိုင်းက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်အသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်သစ်ကို အနိုင်ရလဒ်နဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းက ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ ၀င်းဇင်ဦးက လွဲပြီး လူစုံပါဝင်ခဲ့သလို ဧည့်သည် ရှမ်းအသင်းကလည်း အကောင်းဆုံးသော လူအခင်းအကျင်းကို အသုံးပြု ရင်ဆိုင်ခဲ့တာပါ။

နှစ်သင်းစလုံးက ပွဲစကတည်းက တိုက်စစ်ဖွင့် ယှဉ်ပြိုင်ခဲ့တာကြောင့်လည်း ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ကောင်းစည်သူက ပွဲချိန် ၃၈ မိနစ်မှာ ရယူပေးခဲ့ပါတယ်။ သို့သော်လည်း ဒွေးကိုကိုချစ်က မိနစ် ၄၀ မှာ ချေပဂိုးသွင်းယူလိုက်လို့ ဆောက်သမ်းအသင်းရဲ့ ပျော်ရွှင်မှုက ၂ မိနစ်မျှသာ ကြာလိုက်ပါတယ်။ ဧည့်သည်အသင်းက ချေပဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ပွဲက အကြိတ်အနယ်ပိုရှိလာခဲ့ပြီး ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးက အနိုင်ရလဒ်ကိုယ်စီအတွက် ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်နေခဲ့လို့ ရသမြောက် ပွဲစဉ်တစ်ပွဲကို ရာမမြေမှာ ရှုစားခွင့် ရရှိခဲ့ပါတယ်။ ထို့နောက် ပွဲချိန် ၅၀၊ ၇၆ မိနစ်အရောက်မှာ တိုက်စစ်မှူး အယ်လဖာဘယ်ရီနဲ့ အောင်မိုးက ဦးဆောင်ဂိုးများ ဆက်တိုက်ရယူပေးခဲ့ပြန်ပါတယ်။
အဆိုပါဂိုးတွေ သွင်းယူခဲ့ပြီးနောက်ပိုင်း အိမ်ရှင်အသင်းက ခံစစ်ကို အားပြုကစားလာခဲ့ပါတယ်။ ဒါကြောင့် ရှမ်းအသင်းက အဆိုပါအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး တိုက်စစ်မြှင့် ကစားလာခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၈၁ မိနစ်မှာ ပြစ်ဒဏ်ဘောက တစ်ဆင့် ထိုက်ထိုက်အောင်က ချေပဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့လို့ သရေရလဒ်နဲ့  ဂိုးတွေ ထပ်မံသွင်းယူဖို့  ရှမ်းအသင်း နီးစပ်ခဲ့သေးတာပါ။

သို့သော်လည်း ဆောက်သမ်းအသင်းက ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရှမ်းအသင်းကို ပြန်လည် အနိုင်ယူခွင့်ကို အလွတ်မပေးဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့လို့ ထိုရလဒ်အတိုင်းပြီးဆုံးခဲ့တာပါ။

ဆောက်သမ်းမြန်မာအသင်းက ဒီပွဲစဉ် အနိုင်ရရှိခဲ့တဲ့အတွက် ၂၀၁၇ ရာသီက ရှမ်းအသင်းကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းကို ချေဖျက်နိုင်ခဲ့တဲ့နည်းတူ အမှတ်ပေးဇယားကိုလည်း အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ ရှမ်းအသင်းအနေနဲ့ ဒီပွဲစဉ်ကို အရေးနိမ့်ခဲ့တာကြောင့် နည်းပြ ဦးအောင်ကျော်ထွန်းလက်ထက် နှစ်ပွဲဆက် အနိုင်ရလဒ် ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

MPT Myanmar National League 2018 ပွဲစဉ်(၁၀) ကို ဧပြီလ ၇ ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ရန်ကုန်နဲ့ ရတနာပုံ၊ ပဲခူးကွင်းမှာ ဟံသာဝတီနဲ့ ဂျီအက်ဖ်အေအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပါတယ်။