ဒီကနေ့ ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အအောင်မြင်ဆုံး အသင်း နှစ်သင်းဖြစ်တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံ အသင်းတို့ရဲ့ အားပြိုင်ပွဲကတော့ သွင်းဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ကြပြီး တစ်ဘက်ကို (၃) ဂိုးစီ သရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
နှစ်သင်းတွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ ရှိတာနဲ့ အညီ ပွဲကလည်း အတော်လေး အကြိတ်အနယ် ရှိခဲ့သလို ပွဲကြမ်းတစ်ပွဲလည်း ဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘောတွေ မကြာခဏ ပေးခဲ့ရကာ နှစ်ဘက်ပေါင်း ကစားသမား (၅)ဦးထိ အဝါကတ် ပြသခြင်း ခံခဲ့ရပါတယ်။ နှစ်သင်းစလုံး တိုက်စစ်ကို အသားပေး ကစားခဲ့တာကြောင့် ပွဲက အတော်လေး စိတ်လှုပ်ရှားဖို့လည်း ကောင်းခဲ့တာ တွေ့ရပါတယ်။ ပွဲအစ ၉ မိနစ်မှာတင် ညာခြမ်းက ဖြတ်တင်ဘောကို ရဲကိုဦးက လှလှပပ ပိတ်သွင်းပြီး ရတနာပုံအတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ရန်ကုန်က ချေပဂိုး ရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ရတနာပုံ ခံစစ်ကစားသမားတွေ အမှားအယွင်း မရှိခဲ့တာကြောင့် ရန်ကုန်တို့ ဂိုးရဖို့ ခက်နေခဲ့ပြီး ပွဲချိန် ၄၁ မိနစ်ရောက်မှ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ဆိုင်လာ ခေါင်းတိုက်ချပေးတာကနေ ကျော်ဇင်ဦးက ဧရိယာထဲမှာ အပိုင်ကန်သွင်းခဲ့တာပါ။
ဒုတိယပိုင်း ပြန်စချိန်မှာလည်း နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ ရန်ကုန်အတွက် အီစိုးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးအတွက် မောင်မောင်လွင်ရဲ့ ဖန်တီးမှုက တစ်ကယ့်ကို အသိအမှတ် ပြုလောက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ ရန်ကုန်ရဲ့အပျော်က ၁ မိနစ်ပဲ ခံလိုက်ပြီး စပေးဘော ပြန်စချိန်မှာပဲ ရတနာပုံက ညာတောင်ပံ ဖြတ်တင်ဘောကနေ ချေပဂိုး ပြန်လည် ရယူသွားခဲ့ပါတယ်။ ဒီဂိုးအတွက် ရန်ကုန်ရဲ့ ခံစစ်ကစားသမားတွေမှာ အတော်လေး တာဝန်ရှိခဲ့ပြီး သူတို့ အာရုံစူးစိုက်မှု လျော့နည်းခဲ့တာကြောင့်သာ ရတနာပုံအသင်း ချေပဂိုး ပြန်ရခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ကွင်းလယ်လူ မြတ်ကောင်းခန့်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ချက်ခြင်းချေပဂိုး ပေးလိုက်ရတာကြောင့် ရန်ကုန်တို့ ထူပူသွားခဲ့ပြီး အတင်း တိုက်စစ်ဆင်ခဲ့ပေမယ့် ဒီအမှားကြောင့်ပဲ တတိယဂိုး ထပ်ပေးလိုက်ရ ပြန်ပါတယ်။ ဒီဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရဲကိုဦးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲကို ဦးဆောင်နိုင်လိုက်ရာကနေ ချက်ခြင်းဆိုသလို ၄ မိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရပြီး ပွဲကိုဦးဆောင်ခွင့် လက်လွှတ်လိုက်ရတဲ့ အတွက် ရန်ကုန်အသင်း အနေနဲ့ အတော်လေး ကစားပုံ ပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ရတနာပုံက ဒီရလဒ်ကို ထိန်းဖို့ ဆုံးဖြတ်လိုက်ဟန် ရှိတာကြောင့် ရန်ကုန်အနေနဲ့ ကစားကွက် ပြန်တည်ချိန် ရသွားခဲ့ပါတယ်။ ဒီနောက်မှာ ကြည်လင်းဝင်ရောက် လာတာကြောင့် ရန်ကုန်ရဲ့ တိုက်စစ်ပိုင်း ပြန်ပြီး အသက်ဝင်လာခဲ့ပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာတော့ ရန်ကုန်တို့ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကို ဆိုင်လာက ပင်နယ်တီကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
လက်ကျန်မိနစ်တွေမှာလည်း တစ်သင်းနဲ့ တစ်သင်း အနိုင်ယူနိုင်ဖို့ အသည်းအသန် အားစိုက်ခဲ့ပေမယ့်လည်း ဂိုးတော့ ထပ်မရတော့ပါဘူး။ ရတနာပုံအတွက် ဝင်းနိုင်စိုး တစ်ဂိုးသွင်းပေးခဲ့ပေမယ့်လည်း လူကြွံဘောအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ တစ်ဘက် ၃ ဂိုးစီ သရေရလဒ်နဲ့သာ နှစ်သင်းစလုံး ကျေနပ်ခဲ့ရပါတယ်။