MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) ပွဲစဉ်တစ်ပွဲအဖြစ် ဧပြီ ၈ ရက်(ယနေ့) ညနေက ပုသိမ်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်း က ၅-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် အိမ်ရှင်ဧရာဝတီအသင်းမှ ဦးဆောင်ဂိုးရရှိရန် ဖိဖိစီးစီး တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်တွင် ဦးဆောင်ဂိုး စတင်ရခဲ့သည်။ အဆိုပါဂိုးကို ဧရာဝတီအသင်း ကစားသမား သီဟဇော်က သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးရရှိပြီးနောက်ထပ် ရှစ်မိနစ်အကြာတွင် ဧရာဝတီအသင်းမှ ဒုတိယဂိုးထပ်မံရခဲ့ပြီး သီဟဇော်မှပင် သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးရခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းသည် ချေပဂိုးများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဧရာဝတီအသင်း ကစားသမားများကို မကျော်နိုင်ခဲ့ပေ။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် အိမ်ရှင်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ပြီး နှစ်မိနစ်အကြာတွင် ဧရာဝတီအသင်း တတိယဂိုးထပ်မံရခဲ့ပြီး တိုက်စစ်မှူး ပက်ထရစ်က သွင်းပေးခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းက ပထမချေပဂိုး ပြန်လည်ရခဲ့ပြီး အသင်း ခေါင်းဆောင်သီဟသူက သွင်းပေးခဲ့သည်။ စစ်ကိုင်းအသင်း၏ ပထမချေပဂိုးအပြီး နောက်ထပ် ခြောက်မိနစ်အကြာတွင် ဧရာဝတီအသင်းက စတုထ္ထဂိုးထပ်မံရခဲ့ပြီး Oulai က ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးမှ ဘောလုံးကို မြန်မြန်ဆန်ဆန်ဖြင့် ကစားခဲ့သည့်အပြင် အပြန်အလှန် သွင်းဂိုးတွေ များခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ဧရာဝတီအသင်းက ပဉ္စမဦးဆောင်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် နိုင်လင်းဦးက သွင်းယူပေးခဲသည်။ စစ်ကိုင်းအသင်းအတွက်ဒုတိယချေပဂိုးကို ၉၀+၁ မိနစ်တွင် လူစားဝင်ရောက်လာသည့် ကောင်းဇော်ထွေးက သွင်းယူပေးခဲ့သည်။ ဧရာဝတီအသင်းသည် စစ်ကိုင်းအသင်းကို အနိုင်ရခဲ့သည့်အတွက် အိမ်ကွင်းတွင် ဒုတိယမြောက် နိုင်ပွဲ ရရှိသွားခဲ့သည်။