လူငယ်ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်~ ၀န်ကြီးချုပ် ကိုယ်တိုင်တက်ရောက်၍ ပြိုင်ပွဲအတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟုဆို

April 9, 2018

ရခိုင်ပြည်နယ်၌ ယခုနှစ်အတွင်း MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 များ ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ ဧပြီလ ၉ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊
ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံ ၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်း၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်နှင့် ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်ယူနိုက်တက်အသင်း ကွင်းရုံတာဝန်ခံ ဦးကိုကိုဝင်း၊ ကလပ်အသင်း မီဒီယာတာဝန်ခံ ဦးသက်ထူးနိုင်ဦးတို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ယခုနှစ်မှ စတင်၍ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာအတွင်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်း၍ Grassroots Football Festival 2018 နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း အထက်ပါပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်၍ ယခုခရီးစဉ်အား လာရောက်ရခြင်းဖြစ်ပါကြောင်း စသဖြင့် နှုတ်ခွန်းဆက် စကားပြောဆိုကာ ပြိုင်ပွဲကျင်းပသွားရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်ပြီး အသေးစိပ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရခိုင်ပြည်နယ် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ပြိုင်ပွဲများအပေါ် ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ အလားတူ ပြည်နယ်လူမှုရေးဝန်ကြီးမှလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သည့်များအား ၀န်ကြီးချုပ်၏ လမ်းညွှန်မှုနှင့် အတူ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့သို့ ညှိနှိုင်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်အား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးဆူးအောင်မှ မြန်မာ့လက်ရွေးစင်အသင်းဂျာစီအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ၀န်ကြီးချုပ်မှ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြား၍ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် MFF – MPT Grassroots Festival 2018 ဘောလုံးပွဲတော်ကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်ထိလည်းကောင်း၊ MPT Youth U-14 Tournament 2018 ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၂၂ ရက်ထိလည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။