သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ကစားသမားများ မွေးထုတ်ပေးရာတွင် အစဉ်အလာရှိသည့် မန္တလေးတိုင်းအတွင်း MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 များ ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲများနှင့် စပ်လျဉ်းသည့် အစည်းအဝေးသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ယနေ့ ဧပြီလ ၁၀ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးအရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဒေါက်တာစိုးသန်း၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်၊ ဦးစိန်ဝင်းကြီး (EC,MFF)၊ ဦးစောငြိမ်း (EC,MFF)၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွန့် ကို၊ မြန်မာနေရှင်နယ်လိဂ် Security & Operartion Director ဦးအောင်သူမြင့်၊ မြန်မာနေရှင်နယ်လိဂ် ပရောဂျက်မန်နေဂျာ ဦးသိုက်စံထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်း၍ Grassroots Football Festival 2018 နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၌လည်း အထက်ပါပြိုင်ပွဲများအား ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပသွားရန် စီစဉ်ထားပါကြောင်း၊ ထို့ကြောင့် ယခုခရီးစဉ်အား လာရောက်ရခြင်းဖြစ်ပါကြောင်း စသဖြင့် နှုတ်ခွန်းဆက် စကားပြောဆိုကာ ပြိုင်ပွဲကျင်းပသွားရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်ပြီး အသေးစိပ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ မန္တလေးတိုင်းအတွင်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ပြိုင်ပွဲများအပေါ် ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲကျင်းပနေစဉ် ကာလအတွင်း လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ Stakeholder များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ မိဘများမှလည်း သားသမီးများ အတွက် ပညာသင်ကြားရေး တစ်ခုတည်း မဟုတ်ဘဲ ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်လာစေဖို့ အားကစားကဏ္ဍအတွက် အချိန်ပေး ပံ့ပိုးပေးစေလိုကြောင်း၊ ထိုသို့ အဘက်ဘက်မှ ၀ိုင်းဝန်း ပံ့ပိုးပေးခြင်းဖြင့် မိသားစုအတွက်၊ နိုင်ငံအတွက် ကျန်းမာရေး အသုံးစရိတ်များ လျော့နည်းသွားနိုင်ကာ ပျော်ရွှင်သော မိသားစုကမ္ဘာလေးကိုပင် ပိုင်ဆိုင်ခွင့် ရမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်းဖြည့်စွက်ပြောကြားခဲ့ပြီး ယခုကဲ့သို့ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ လာရောက်ကျင်းပပေးမည့် အစီအစဉ်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ၎င်းသည် ကိုယ်တိုင်မှ ဘောလုံးအားကစား ချစ်မြတ်နိုးသူ ဖြစ်သည့်အလျောက် မန္တလာသီရိကွင်း၌ ကျင်းပသည့် ရတနာပုံအက်ဖ်စီအသင်း၏ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များနှင့် သက်တမ်းအလိုက် လက်ရွေးစင်အသင်း၏ နိုင်ငံတာပြိုင်ပွဲများကို အခါအားလျော်စွာ တက်ရောက်အားပေးကြည့်ရှုသူတစ်ဦးလည်းဖြစ်သည်။
အလားတူ တက်ရောက်လာခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးများမှလည်း ၀န်ကြီးချုပ်၏ လမ်းညွှန်မှုနှင့် အတူ သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ လာရောက်ကျင်းပပေးမည့် အခြေအနေအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ ထို့ပြင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးဦးစီးဌာနနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများမှ လူငယ်ဘောလုံးပွဲတော်များနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲအောင်အောင်မြင်မြင် ပြီးမြောက်စေရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၆ နှစ်မှ ၁၂ အတွင်း (အမျိုးသား၊ အမျိုးသမီး) မျိုးဆက်သစ်များ ပါဝင် ဆင်နွှဲနိုင်မည့် MFF – MPT Grassroots Festival 2018 ဘောလုံးပွဲတော်ကို ဇူလိုင် ၂ ရက်မှ ၄ ရက်ထိ လည်းကောင်း၊ မန္တလေးမြို့တွင် ကျင်းပမည့် MPT Youth U-14 Tournament 2018 ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၉ ရက်ထိ လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် Grassroot Football Festival ကျင်းပရန်အတွက် လိုအပ်သည့် ဘောလုံး (၂၅၀)၊ အားကစားဝတ်စုံနှင့် အခြားလိုအပ်သည့် လေ့ကျင့်ရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အသင်းတစ်သင်းလျင် ငွေကျပ် (၁၀) သိန်း၊ ဘောလုံး အရေအတွက် (၅၀) နှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးသွားမည့်အပြင် အနိုင်ရရှိသည့် အသင်းအား ဆုကြေး၊ ဆုတံဆိပ်၊ ဆုဖလားတို့ကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက်ဖြစ်သည့် MPT မှ Title အဖြစ် ပံ့ပိုးပေးမှုနှင့် အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပသွားမည့် အဆိုပါပြိုင်ပွဲများတစ်ဆင့် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အထောက်အပံ့တစ်ခု အဖြစ် ပေါ်ထွက်လာမည်လည်း ဖြစ်ပါသည်။