ရခိုင်ယူနိုက်တက်နှင့် မြဝတီ အသင်းတို့၏ ပွဲမှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်ချမှတ်

April 11, 2018

ပြီးခဲ့သည့် ဧပြီလ ၄ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် ဝေသာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် MPT Myanmar National League 2018 ပွဲစဉ် (၁၀) မှ ရခိုင်ယူနိုက်တက် အသင်းနှင့် မြဝတီ အသင်းတို့၏ ပွဲစဉ်တွင် ပွဲချိန်အတွင်းနှင့် ပွဲအပြီး ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်တီက အရေးယူမှု ပြုလုပ်ခဲ့သည်။

ရခိုင်ယူနိုက်တက် အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည့် အဆိုပါပွဲ၏ ပွဲချိန် ၈၈ မိနစ်တွင် မြဝတီ အသင်းအား ပင်နယ်တီ သတ်မှတ်ခဲ့သည်ကို ကျေနပ်ခြင်း မရှိသည့် ရခိုင်ယူနိုက်တက် အသင်း၏ အရံကစားသမား စည်သူသန်းစိုးက အရံကစားသမားများ သွေးပူလေ့ကျင့်ခန်း ပြုလုပ်သော နေရာမှ ကစားကွင်းစည်းနားအထိ ပြေးသွားကာ ကြမ်းတမ်းပြင်းထန်စွာ စောဒက တက်ခဲ့သည့် အတွက် ကွင်းလယ်ဒိုင်မှ အဝါကတ် ပြသခဲ့သည်။ ထို့အပြင် ပွဲအပြီး ကစားသမားများ လက်ဆွဲနှုတ်ဆက်ရာမှ တစ်ဦးနှင့်တစ်ဦး နားလည်မှု လွဲကာ စကားများ ခဲ့ကြရာ မြဝတီ အသင်း ဂိုးနည်းပြ ဦးသီဟန်ကျော်က ရခိုင်ယူနိုက်တက် အသင်း တိုက်စစ်မှူး ဆန်းဒေး၏ မျက်နှာကို ရေသန့်ဘူးဖြင့် ပစ်ပေါက်ခဲ့သောကြောင့် အချင်းများခဲ့ကြပြီး ပြိုင်ပွဲတာဝန်ရှိသူများက ဝိုင်းဝန်းဖြန်ဖြေ ခဲ့ကြရပါသည်။

အထက်ပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် မတ် ၁၁ ရက် နံနက် ၁၀း၀၀ နာရီတွင် အစည်းအဝေး ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ် လိုက်ပါသည်။

(က) ရခိုင်ယူနိုက်တက် အသင်းမှ ကျောနံပါတ် (၈၈) စည်သူသန်းစိုးအား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၃) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ သုံးသိန်းကျပ် ပေးဆောင်ရန်။

(ခ) မြဝတီ အသင်းမှ ဂိုးနည်းပြ ဦးသီဟန်ကျော်အား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၆) အရ အနီးစပ်ဆုံး (၃)ပွဲ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် သုံးသိန်း ပေးဆောင်ရန်။

(ဂ) နှစ်ဘက်အသင်း အုပ်ချုပ်နည်းပြများ အနေဖြင့် MNL I & II Regulation 2018 အပိုဒ် ရ (ဂ)၊ (ဃ) နှင့် (ဆ) တို့ကို လိုက်နာဆောင်ရွက်မှု မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်ပါက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူခံရမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။

(ဃ) အိမ်ရှင်အသင်း အနေဖြင့် နောင်ပြိုင်ပွဲများတွင် MNL I & II Regulation 2018 အပိုဒ် ၇ (ဆ)နှင့် အညီ ကြီးကြပ်ဆောင်ရွက်ရန်။