ဒုတိယနေရာမှ ရတနာပုံအား အနိုင်ယူကာ ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်ခဲ့သည့် ISPE(A) အသင်း

April 21, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-12) ပွဲစဉ်တစ်ပွဲအဖြစ် ဧပြီ ၂၁ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက စလင်းကွင်းတွင် ISPE(A) အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ISPE(A) အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ISPE(A) အသင်း

အမှတ်ပေးဇယား အဆင့် ၁ နှင့် အဆင့် ၂ တို့ တွေ့ဆုံသည် အဆိုပါပွဲ ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်ဂိုးများ ရရှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် နှစ်သင်းစလုံး ဂိုးရရှိ မည့် အခွင့်အရေးအချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျ ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ISPE(A) အသင်းမှ ဦးဆောင်ဂိုးရရန် ပိုမိုထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၇၄ မိနစ်တွင် ဦးဆောင်ဂိုးစတင် ရယူနိုင်ခဲ့သည်။ ISPE(A) အသင်းအတွက် ဦးဆောင်ဂိုးကို ခင်ကျော်ဝင်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ISPE(A) အသင်း၏ ဦးဆောင် ဂိုးသွင်းယူအပြီး တစ်မိနစ်အကြာတွင် ရတနာပုံအသင်းမှ ကျော်သက်ဦးနှင့် အောင်ဝဏ္ဏစိုးတို့ ကစားပုံကြမ်းခဲ့သည့်အတွက် ကွင်းလယ် ဒိုင်မှ တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့သည်။ တစ်ဂိုးရှုံးနိမ့်သည့်အပြင် ကစားသမား နှစ်ဦးလျော့နည်းနေသည့် ရတနာပုံအသင်းသည် ကစားကွက်ပျက်ခဲ့ရသည်။ ပွဲပြီးဆုံးချိန်တွင် နှစ်သင်းစလုံး ဂိုးထပ်မံမသွင်းနိုင်ခဲ့သည့်အတွက် ISPE(A) အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

 

ရတနာပုံအသင်း