အညာဒါဘီ ပွဲစဉ် အပါအ၀င် ဧရာဝတီ-ဟံသာဝတီ၊ ဆောက်သမ်း-ရန်ကုန် ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်များ ပါဝင်နေသည့် MPT Myanmar National League 2018

April 27, 2018

MPT ၏ အဓိက ပါတနာရှစ်အဖြစ် ပံ့ပိုးထားမှုနှင့် ကျင်းပလာခဲ့သည့် MPT Myanmar National League 2018 ပြိုင်ပွဲသည် ယခုတစ်ပတ်တွင် ရာသီဝက်ကာလ ပွဲစဉ် (၁၁) သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။   ရက်သတ္တပတ် သုံးပတ်နီးပါးမျှ ရပ်နားထားခဲ့အပြီး ပြန်လည်ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁)တွင် ဧရာဝတီနှင့် ဟံသာဝတီ၊ စစ်ကိုင်းနှင့် ရတနာပုံ၊ ဇွဲကပင်နှင့် ဂျီအက်ဖ်အေ၊ မြ၀တီနှင့် ရှမ်း၊ ဆောက်သမ်းမြန်မာနှင့် ရန်ကုန်အသင်းတို့ တွေ့ဆုံနေရာ ပွဲကြီးပွဲကောင်းများ ကြည့်ရှုရင်း ရာသီဝက်ကာလကို ဖြတ်သန်းခွင့်ရမည့် ရက်သတ္တပတ်ဟု ဆိုချင်ပါသည်။
၂၈-၄-၂၀၁၈
ဧရာဝတီယူနိုက်တက်-ဟံသာဝတီယူနိုက်တက် (ပုသိမ်)- ၃း၃၀ အဆင့် ၉ နေရာမှ အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အမြင့်ပျံ ဟံသာဝတီယူနိုက်တက်အသင်းတို့ တွေ့ဆုံနေသည့် ပွဲစဉ်ဖြစ်သည်။ အိမ်ရှင်အသင်းအနေဖြင့် ယခုပွဲစဉ်အနိုင်ရရှိခဲ့လျင် အဆင့် ရပ်တည်မှု အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့်နည်းတူ ဟံသာဝတီအသင်း အနိုင်ရခဲ့လျင် ရခိုင်ယူနိုက်တက်-မကွေးအက်ဖ်စီ ပွဲစဉ်မတိုင်မီ အဆင့် ၂ နေရာကို တက်လှမ်းခွင့် ရမည်ဖြစ်သည်။ ယမန်နှစ် တွေ့ဆုံမှုများအနက် ပထမအကျော့ ဟံသာဝတီအသင်းအိမ်ကွင်းတွင် သုံးဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ ပုသိမ်ကွင်း၌ နှစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ထားခဲ့သည်။ ထို့ပြင် ဧည့်သည်အသင်း၏ တိုက်စစ်မှူး ဂျိုးဇက်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲစဉ်တွင် ပါဝင်ခွင့် ရမည်မဟုတ်ပေ။
၂၈-၄-၂၀၁၈
စစ်ကိုင်းယူနိုက်တက်-ရတနာပုံအက်ဖ်စီ (မုံရွာ)- ၃း၃၀ တန်းတက် စစ်ကိုင်းယူနိုက်တက်အသင်း အနေဖြင့် အိမ်ကွင်း ကစားပုံ ကောင်းမွန်သော်လည်း ရလဒ်ပိုင်းက အားရစရာ အနေအထားတွင် မရှိသေးပေ။ အလားတူ ပြိုင်ဘက် ရတနာပုံ အသင်းအနေနှင့် နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့ရာ နှစ်သင်းစလုံး ရလဒ်ကောင်း ပြန်လည်ရရှိရန် ကြိုးပမ်းရမည့် ပွဲစဉ်လည်းဖြစ်သည်။ သို့သော် လှိုင်းဘိုဘို၊ ရဲကိုဦး၊ ကျော်သက်ဦး၊ အောင်ဝဏ္ဏစိုး စသည့် ကစားသမားများ ပွဲပယ်ပြစ်ဒဏ်များကြောင့် ယခုပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်းအတွက်ပါ ကစားသမားအချို့ စေလွှတ်ပေးထားရခြင်းကြောင့် ဧည့်သည်အသင်း ရုန်းကန်ရဖွယ်ရှိသည်။ ထို့ကြောင့် အညာဒါဘီပွဲစဉ်၌ အနိုင်ရရှိသွားမည့် အသင်းက အိမ်ရှင်အသင်းလား.. ဧည့်သည်အသင်းလားဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။
၂၈-၄-၂၀၁၈
ဇွဲကပင်ယူနိုက်တက်-ဂျီအက်ဖ်အေ (သုဝဏ္ဏ) – ၄း၀၀
ပြီးခဲ့သည့်နှစ်က တွေ့ဆုံမှုတွင် နှစ်ကျော့စလုံး၌ ဇွဲကပင်အသင်းက ၂-၁ ဂိုး ရလဒ်များဖြင့် အနိုင်ရရှိထားသည်။ လတ်တလော အနေအထားတွင်လည်း ဇွဲကပင်အသင်း၏ အနေအထားက စုဖွဲ့မှု အကောင်းဆုံး အနေအထားတွင် ရှိနေသည်ကို တွေ့ရသည်။ သို့သော်လည်း ဂျီအက်ဖ်အေ အသင်း၏ တန်းဆင်းဇုန် ရုန်းကန်အားကြောင့် အကြိတ်အနယ်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု သုံးသပ်မိသည်။
၂၉-၄-၂၀၁၈
မြ၀တီအက်ဖ်စီ-ရှမ်းယူနိုက်တက် (သုဝဏ္ဏ) – ၄း၀၀
တန်းတက်မြ၀တီအသင်းအနေနဲ့ လက်ရှိပွဲစဉ်(၁၀) ကစားပြီးသည့်တိုင် နိုင်ပွဲရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်။ သို့သော် အသင်းကြီးများနှင့် ဆုံတိုင်း အခက်တွေ့အောင် ကစားလေ့ရှိသည့် မြ၀တီအသင်း၏ ခြေစွမ်းကို လျော့တွက်၍ မရပေ။ တစ်ဖက်တွင် ရှမ်းယူနိုက်တက်အသင်းက အေအက်ဖ်စီဖလား ပြိုင်ပွဲမှ နှုတ်ဆက်ခဲ့ရပြီဖြစ်ရာ ပြည်တွင်း ပွဲစဉ်တွေကို အပြည့်အ၀ အာရုံစိုက် ကစားလာမည့် အနေအထားဖြစ်သည်။ သို့သော် မြ၀တီအသင်းက ယခုပွဲစဉ်အတွက် အပြည့်အ၀ ပြင်ဆင်လေ့ကျင့်ခွင့် ရရှိထားပြီး ရှမ်းယူနိုက်တက်အသင်းက ကြားရက်တွင် အေအက်ဖ်စီဖလား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရ၍ ပွဲပမ်းမှုဒဏ် ခံစားရဖွယ် ရှိနေသည်။
၃၀-၄-၂၀၁၈
ဆောက်သမ်းမြန်မာ-ရန်ကုန်ယူနိုက်တက်(မော်လမြိုင်) – ၃း၃၀
ရှမ်းအသင်းကို အနိုင်ယူပြီး စိတ်ဓာတ်ပိုင်း အသာစီး ရရှိနေသည့် ဆောက်သမ်းမြန်မာအသင်း အနေဖြင့် ရာသီဝက်ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။ ယမန်နှစ် အဆိုပါနှစ်သင်း မော်လမြိုင်ကွင်းတွင် ယှဉ်ပြိုင်ခဲ့စဉ် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အသင်းလိုက်စုစည်းမှုဖြင့် အိမ်ကွင်းရလဒ်ကောင်း ရယူလေ့ရှိသည့် ဆောက်သမ်းအသင်း၏ နောက်ထပ် နိုင်ပွဲတစ်ပွဲကို မြင်တွေ့ရမည်လား…။ ပြည်တွင်း၊ပြည်ပ ပြိုင်ပွဲနှစ်ရပ်စလုံးတွင် ပုံစံကောင်းပြသနေသည့် ရန်ကုန်အသင်းကပဲ ရလဒ်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။
မှတ်ချက်= ရခိုင်ယူနိုက်တက်-မကွေးအက်ဖ်စီ ပွဲစဉ်အား ၁၃-၅-၂၀၁၈ ရက်သို့ ပြောင်းရွှေ့ထားပါသည်။