MPT Myanmar National League 2018 Week 11 ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေပိုင်းက မုံရွာမြို့ ၊ မုံရွာအားကစားကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အကြိတ်အနယ်ယှဉ်ပြိုင်မှု အပြီး တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့သည်။
အဆိုပါပွဲစဉ်မှာ တစ်ချိန်က မြန်မာနေရှင်နယ်လိဂ် ရပ်ဝန်း၌ ပြိုင်ဆိုင်မှု ပြင်းထန်းခဲ့သည့် ဇေယျာရွှေမြေ-ရတနာပုံ ပွဲစဉ်အား ပြန်လည် အမှတ်တရ ရှိစေခဲ့သည့် ပွဲစဉ်အဖြစ် ပြန်လည် ထင်ဟပ်စေခဲ့ပြီး အိမ်ရှင် အသင်း ပရိသတ်များနှင့် ရတနာပုံအသင်း ပရိသတ်များ အများအပြား လာရောက်အားပေးခဲ့သည်ကို တွေ့ရသည်။
အိမ်ရှင်အသင်းတွင် သီဟသူ၊ ဝေဖြိုးသူ၊ ဖရိုက်ဒေး၊ သီဟဇော်တို့ဖြင့် ရတနာပုံအသင်းကို ဧည့်ခံယှဉ်ပြိုင်ခဲ့ပြီး ပွဲစကတည်းကပင် တိုက်စစ်ဆင် ကစားခဲ့သည်။
ဧည့်သည် ရတနာပုံအသင်းတွင် လှိုင်းဘိုဘို၊ ရဲကိုဦး တို့ ပါဝင်နိုင်ခြင်း မရှိဘဲ အသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ သိန်းသန်းဝင်း က တာဝန်ယူကာ စည်သူအောင်၊ မျိုးကိုထွန်း၊ ၀င်းနိုင်စိုး တို့ဖြင့် စစ်ကိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။
ပွဲစကတည်းက နှစ်သင်းစလုံး၏ တိုက်စစ်ဖွင့် ယှဉ်ပြိုင်ကစားခဲ့သည့်အပြင် နှစ်သင်းစလုံး၏ မာမာထန်ထန်တုံ့ပြန် ကစားဟန်ကြောင့် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ဧည့်သည်အသင်းအတွက် ၁၅ မိနစ်တွင် တိုက်စစ်မှူး ၀င်းနိုင်စိုးမှ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၃၈ မိနစ်တွင် အိမ်ရှင်အသင်းအတွက် တိုက်စစ်မှူး ဖရိုက်ဒေးက ပင်နယ်တီမှ တစ်ဆင့် ချေပဂိုး ရယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်နေခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက လူစားလဲမှုပြုလုပ်၍ အနိုင်ရလဒ် ရရှိရေး အားထည့်ကစားလာခဲ့ရာ တစ်မိနစ် အပိုင်းအခြားအတွင်း တစ်ဖက်တစ်ဂိုးစီ ထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲမှာ ပိုမိုအကြိတ်အနယ်ရှိလာခဲ့သည်။
ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၆၀ တွင် ကောင်းဇော်ထွေးက ကျော်စွာမင်း၏ ဖန်တီးပေးမှုမှ တစ်ဆင့် အိမ်ရှင်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ သို့ သော် အဆိုပါဂိုး ရရှိအပြီး ၆၁ မိနစ်တွင် လူစားဝင် ကစားသမား မျိုးဇော်ဦးက ရတနာပုံအတွက် အပြင်းကန်သွင်းချက်ဖြင့် ချေပဂိုး ပြန်လည် ရယူပေးခဲ့သည်။
လက်ကျန်မိနစ်များတွင် အိမ်ရှင်အသင်းက တိုက်စစ်ပိုမို ဦးစားပေးခဲ့သည်ကို တွေ့ ရသည်။ သို့သော် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ ကိုယ်စီ ရရှိခဲ့ပြီး အသုံးချနိုင်ခဲ့ခြင်း မရှိသဖြင့် သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
Sagaing United 2-2 Yadanarbon FC (FT)