လာမည့် ဧပြီ ၃၀ ရက်တွင် မော်လမြိုင်မြို့ ကျောင်းသားကွင်းကြီး အတွင်း၌ ယှဉ်ပြိုင်ကစားရမည့် ဆောက်သမ်းမြန်မာ အသင်းနှင့် ပွဲစဉ်တွင် အနိုင်သုံးမှတ် အရယူသွားမည်ဟု ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ဖွင့်ဟခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် MPT Myanmar National Legaue 2018 ပွဲစဉ် ၁၁ ၏ နောက်ဆုံးပွဲစဉ်အဖြစ် မနက်ဖြန် ညနေ ၃း၃၀ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံဆုကို ရယူနိုင်ရေးအတွက် အဓိက ပြစ်မှတ်ထား ကြိုးစားနေသောကြောင့် ယခု ဆောက်သမ်းနှင့်ပွဲမှာလည်း ချန်ပီယံ ခရီးလှမ်းအတွက် လှေကားထစ် တစ်ထစ်သာ ဖြစ်သဖြင့် အနိုင်ရရှိရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု ဦးမျိုးမင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ချန်ပီယံဖြစ်ဖို့ အစွမ်းကုန် ကြိုးစားမယ်။ ဘာကြောင့်နဲ့မှ ချန်ပီယံဆုကို လက်လွှတ်မခံနိုင်ဘူး။ အဲဒါကြောင့် နက်ဖြန်ပွဲကို အနိုင်သုံးမှတ် ရရှိအောင် အစွမ်းကုန် ကြိုးစားမယ်။ ကျွန်တော့် ပလေယာတွေကိုလည်း ကျွန်တော် မှာထားတယ်။ ကျွန်တော်တို့ မော်လမြိုင်ကို အားလပ်ရက် အနားယူဖို့ လာခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံဆုဆီ ခြေတစ်လှမ်းတိုးနိုင်ဖို့ လာခဲ့တာပါ”ဟု ဦးမျိုးမင်းထွန်းက ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက် အနေဖြင့် လာမည့် ဆောက်သမ်းမြန်မာနှင့်ပွဲကို အနိုင်ကစားနိုင်ခဲ့ပါက ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည် ဖြစ်သည်။ သို့သော် ရန်ကုန်ယူနိုက်တက် အနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီက ရာသီဝက် ချန်ပီယံ အဖြစ် ၆ မှတ်အသာဖြင့် အောင်ပွဲခံခဲ့ပြီးမှ ရာသီကုန်တွင် ၂ မှတ်လျော့ကာ ချန်ပီယံဆုကို ရှမ်းယူနိုက်တက် အသင်းက ရယူသွားခြင်းအား ခွင့်ပြုခဲ့ရသည်။ ထို့ကြောင့် “ရာသီဝက် ချန်ပီယံဖြစ်တာထက် ရာသီကုန်မှာ ချန်ပီယံဖြစ်တာကိုပဲ လိုချင်တာပါ။ အဲဒီအတွက် ကျွန်တော်တို့ ဘယ်ပွဲကိုမှ အမှားမခံပဲ သေချာ ကစားသွားမှာပါ”ဟု ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။
ထို့အပြင် ဦးမျိုးမင်းထွန်းက ပြီးခဲ့သည့် ဘောလုံးရာသီကကဲ့သို့ အမှားအယွင်းမျိုး ထပ်မံအဖြစ်ခံမည် မဟုတ်ကြောင်း ဆိုခဲ့သည်။ ဦးမျိုးမင်းထွန်း အနေဖြင့် လက်ရှိလူစာရင်းအပေါ် ယုံကြည်မှု ရှိနေပြီး လူငယ်နှင့် လူကြီး အချိုးညီညီ ပေါင်းစပ်ထားခြင်းက ရာသီကုန်တွင် ချန်ပီယံဆုကို ရယူပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း ရင်ဆိုင်ရမည့် ဆောက်သမ်းမြန်မာ အသင်းသည် အိမ်ကွင်းမာကျောသည့် အသင်းတစ်သင်း ဖြစ်ပြီး ယခုရာသီ ၆ ပွဲကစားထားရာတွင် တစ်ပွဲသာ ရှုံးနိမ့်ထားကာ ရမှတ် ၁၁ မှတ်ထိ ရယူထားနိုင်သည်။