ရန်ကုန်ကို သေချာလေ့လာပြီး ပြင်ဆင်ထားကြောင်း ဆောက်သမ်းမြန်မာအသင်း နည်းပြချုပ် ဦးကျော်မင်း ဖွင့်ဟ

April 30, 2018

အိမ်ကွင်း၌ လက်ခံကစားရမည့် ရန်ကုန်ယူနိုက်တက် အသင်း၏ အားနည်းချက်၊ အားသာချက် များကို လေ့လာထားပြီး အသင်းကို သေချာပြင်ဆင်ထားကြောင်း ရန်ကုန်ယူနိုက်တက် အသင်းနှင့် ကစားရမည့် MPT Myanmar National League 2018 ပွဲစဉ် (၁၁) ပွဲစဉ်မတိုင်မီ ဆောက်သမ်းမြန်မာ အသင်း နည်းပြချုပ် ဦးကျော်မင်းက ပြောသည်။ မွန်ပြည်နယ် ကိုယ်စားပြု ဆောက်သမ်းမြန်မာ အသင်းသည် လက်ရှိတွင် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေသည့် အင်အားကြီး ရန်ကုန်ယူနိုက်တက် အသင်းကို ယနေ့ ညနေ ၃း၃၀ အချိန်တွင် အိမ်ကွင်း၌ လက်ခံ ကစားရမည် ဖြစ်သည်။

“နှစ်ဆန်း ၂ ရက်နေ့ကတည်းက ရန်ကုန်နဲ့ ပွဲအတွက် ပြင်ဆင်နေတာပါ။ သူတို့ရဲ့ ပွဲတွေအကုန်လုံးကို သေချာလေ့လာပြီး အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ရလဒ်ပိုင်းကတော့ ကြိုပြောဖို့ မလွယ်ပါဘူး။ ဘောလုံးပွဲဆိုတာ မိနစ် ၉ ၀ အတွင်း ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အကုန်လုံးကတော့ အနိုင်ရလဒ်ကိုပဲ လိုချင်ပါတယ်။ ဒီအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု ဦးကျော်မင်းက ဆိုသည်။

ဆောက်သမ်းမြန်မာအသင်းသည် အိမ်ကွင်း၌ ရလဒ်ကောင်းများ ရယူထားနိုင်သော အသင်းတစ်သင်း ဖြစ်ပြီး နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၁၀ တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းကို အနိုင်ယူထားသည်။ ယင်းကဲ့သို့ အိမ်ကွင်းတွင် ရလဒ်ကောင်းရခြင်းမှာ တစ်ခဲနက် အားပေးကြသည့် ပရိသတ်များကြောင့် ဖြစ်ကြောင်း ဦးကျော်မင်းက ဖွင့်ဟခဲ့သည်။

ဆောက်သမ်းမြန်မာ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲကို ယနေ့ ညနေ ၃း၃၀ နာရီ အချိန်တွင် မော်လမြိုင်မြို့ ကျောင်းသားကွင်းအတွင်း ကျင်းပသွားမည် ဖြစ်ကာ For Sports ၊ MRTV Sports  နှင့် Pyone Play Facebook Page များမှ တိုက်ရိုက်ပြသပေးသွားမည် ဖြစ်သည်။