ဒီကနေ့ ညနေ ၃း၃၀ နာရီက မော်လမြိုင်မြို့က ဆောက်သမ်းမြန်မာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ ရဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ဆောက်သမ်းမြန်မာ အသင်းနဲ့ ရန်ကုန် ယူနိုက်တက် အသင်းတို့ရဲ့ပွဲစဉ်မှာ ရန်ကုန် ယူနိုက်တက် အသင်းက ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဆောက်သမ်းမြန်မာ အနေနဲ့ ဒုတိယမြောက် အိမ်ကွင်းရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ ဆောက်သမ်းမြန်မာအနေနဲ့ ခုရာသီမှာ အိမ်ကွင်း ရှုံးပွဲ တစ်ပွဲသာ ရှိထားတာ ဖြစ်ပြီး လက်ရှိမှာတော့ အိမ်ကွင်းရှုံးပွဲ တစ်ပွဲ တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဆောက်သမ်းမြန်မာ အသင်းက ဝါရင့်ကွင်းလယ်လူတွေ ဖြစ်တဲ့ ထိုက်ထိုက်အောင်၊ ဟိန်းဇာအောင်တို့ မပါဝင်တဲ့ လူစာရင်းနဲ့ ရန်ကုန်ကို ရင်ဆိုင်လာခဲ့ပြီး ရန်ကုန် ယူနိုက်တက်ကလည်း ကိုဆူကီ၊ ကျော်ဇင်ထက်၊ ကြည်လင်းတို့ကို အရံစာရင်းမှာသာ ထားခဲ့တာကို တွေ့ရပါတယ်။
တစ်ပွဲလုံးကို ခြုံငုံကြည့်မယ် ဆိုရင်တော့ ရန်ကုန်ရဲ့ ခြေစွမ်းပိုင်းက ဒီပွဲမှာ ပြိုင်ဘက် ဆောက်သမ်းထက် အတော်လေး အသာရနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား တိုက်စစ်မှူး နှစ်ဦး ပွဲထွက်လာတဲ့ ရန်ကုန်ရဲ့ တိုက်စစ်ပိုင်းကို ပြည်တွင်းခံစစ်သမားတွေသာ ပါဝင်တဲ့ ဆောက်သမ်းရဲ့ ခံစစ်ကြောင်းက မထိန်းနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဂိုးတွေကို အီမန်နျူရယ်က ၄ မိနစ်နဲ့ ဆိုင်လာ တစ်ဦးတည်းက ၂၆ မိနစ်၊ ၅၁ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ သွင်းယူပေးခဲ့ကြတာကို တွေ့ရပါတယ်။ ရန်ကုန်အနေနဲ့ ဒီပွဲမှာ ခြေစွမ်းအသာရခဲ့တယ် ဆိုပေမယ့် ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ သိပ်ပြီး အားရစရာ မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂိုးသမား ဆန်းဆက်နိုင် အမှားအယွင်း မရှိခဲ့ပေမယ့် ခံစစ်ဗဟိုက သိန်းဇော်ကတော့ အတော့်ကို မတည်မငြိမ် ဖြစ်နေခဲ့ပြီး အမှားအယွင်း များခဲ့တာကို တွေ့ရပါတယ်။
ဆောက်သမ်း အနေနဲ့ ပွဲပြီးဖို့ ၁၀ မိနစ်အလိုလောက်မှာ ရန်ကုန်ဘက်ကို အတော်လေး တိုက်စစ်ဆင်နိုင်ခဲ့တာ တွေ့ရပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေ ရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဆောက်သမ်းအတွက် တစ်လုံးတည်းသော ချေပဂိုးကတော့ ပွဲချိန် ၁၄ မိနစ်မှာ ရန်နိုင်ထွေးကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ အသင်းခေါင်းဆောင် စိုးမြတ်သူက ရယူပေးခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ကတော့ ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက ရှမ်း၊ တတိယနေရာက မကွေးတို့ထက် တစ်ပွဲပို ကစားထားပြီး ခြောက်မှတ် အသာနဲ့ ရာသီဝက် ပွဲတွေ အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။