ပွဲကျန် ပွဲစဉ်တွင် သရေတစ်မှတ်စီ ခွဲယူခဲ့ကြသည့် ဂျီအက်ဖ်အေနှင့် ရှမ်းယူနိုက်တက်

May 2, 2018

အေအက်ဖ်စီဖလား ပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းထားခဲ့သည့်  MPT Myanmar National League 2018 Week 8 ပွဲကျန် ပွဲစဉ် ဂျီအက်ဖ်အေ- ရှမ်းယူနိုက်တက် ပွဲစဉ်အား ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားရင်း တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။

နှစ်သင်းစလုံး မျှော်လင့်ချက် ကိုယ်စီဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့သဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သော်လည်း သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဂျီအက်ဖ်အေ အတွက် သွင်းဂိုးအား ပွဲချိန်တစ်လျောက် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် စိုးမင်းထွန်းက ပွဲချိန် ၂၄ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို တိုက်စစ်မှူး ခရစ္စတိုဖာက ပွဲချိန် ၆၂ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ယခုပွဲ သရေရလဒ်ကြောင့် ရှမ်းယူနိုက်တက်အသင်း အနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ၅ မှတ်အထိ ကွာဟသွားခဲ့ရသည်။ ထို့အတူ ဂျီအက်ဖ်အေအသင်းအနေဖြင့် ယခုပွဲ သရေရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ဆက်လက်ရပ်တည်နေသည်။