မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပလျက်ရှိသော MPT Myanmar National League I & II 2018 ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအတွက် ရာသီဝက် ဘောလုံးသမားအပြောင်းအရွှေ့ကာလ (Player Transfer Window Period) ကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်အထိ သတ်မှတ်ပေးထားပါသည်။
MPT Myanmar National League I & II 2018 ပြိုင်ပွဲဝင် ကလပ်အသင်းများ အနေဖြင့် အဆိုပါကာလအတွင်း ကစားသမား အပြောင်းအရွှေ့များ ပြုလုပ်ခြင်း၊ စာချုပ်သက်တမ်းတိုးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကလပ်အသင်းများအနေဖြင့် ကစားသမား (၃၀) ဦးထက်ပို၍ မှတ်ပုံတင်ခွင့် မရှိဘဲ ပြည်တွင်းကစားသမား (၂၆) ဦး၊ နိုင်ငံခြားကစားသမား (၃) ဦး၊ အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ခံနိုင်ငံများမှ ကစားသမား (၁) ဦး စုစုပေါင်း (၃၀) ဦး မှတ်ပုံတင်ခွင့် ရှိမည်ဖြစ်သည်။ နိုင်ငံခြား ကစားသမား ခေါ်ယူခြင်း မရှိသည့် ကလပ်အသင်များအနေဖြင့် ပြည်တွင်းကစားသမား (၃၀) ဦးဖြင့် အစားထိုး မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
MPT Myanmar National League I 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလ ၁၉ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိလည်းကောင်း၊ MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလ ၂၅ ရက်မှ ဇူလိုင်လ ၂၀ ရက်အထိလည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်သည်။