အဆင့်မြင့်ပညာ ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့က ပံ့ပိုးကျင်းပ ပေးသွားမည့် MPT – University Football Tournament 2018 အောက်မြန်မာပြည် အတွက် ညှိုနှိုင်း အစည်းအဝေးနှင့် ပွဲစဉ်ဇယား မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိုနှိုင်းအစည်းအဝေးနှင့် ပွဲစဉ်ဇယား မဲနှိုက်ရေးဆွဲပွဲ အခမ်းအနားသို့ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌ၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ အောက်မြန်မာပြည် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဇုန်အသီးသီးကို ကိုယ်စားပြုကြမည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ပါမောက္ခ/ ဌာနမှူးများ၊ ကထိကများ၊ အားကစား အရာရှိများ၊MPT မှ ကြော်ငြာနှင့် အမှတ်တံဆိပ်ဌာန မန်နေဂျာ ဒေါ်ခင်သူဇာကျော်နှင့် Communication မန်နေဂျာ ဦးအောင်ဇော်သက်၊ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှက အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက တက္ကသိုလ် ဘောလုံးပြိုင်ပွဲများအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့က ပူးပေါင်းပါဝင် ထောက်ကူလာခြင်း အတွက် များစွာ ဝမ်းမြောက်မိကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းပါဝင်မှုက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည့် အာဆီယံတက္ကသိုလ်များ အားကစားပွဲတော် (AUG) တွင် မြန်မာ့တက္ကသိုလ် ဘောလုံးအသင်း အောင်မြင်မှု ရရှိရေးအတွက် များစွာ အထောက်အပံ့ဖြစ်မည်ဟု ယူဆပါကြောင်း၊ MPT – University Football Tournament 2018 အောက်မြန်မာပြည်ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က MPT – University Football Tournament 2018 တက္ကသိုလ်၊ ဒီဂရီပေါင်းစုံ ဇုန်အလိုက် (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပံ့ပိုးသွားမည် အစီအစဉ်များနှင့် ယင်းပြိုင်ပွဲများအား စနစ်တကျ ကျင်းပနိုင်ရန် ကူညီပံ့ပိုးဆောင်ရွက်သွားမည့် အစီအစဉ် အသေးစိတ်ကို ဆွေးနွေးတင်ပြခဲ့သည်။ ဦးစိုးမိုးကျော်က တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲများကို ယခုကဲ့သို့ ဝင်ရောက် ပံ့ပိုးနိုင်ရန် ကူညီပေးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက် MPT ကို ဦးစွာ ထုတ်ဖော်ချီးကျူးခဲ့ပြီး တက္ကသိုလ် ဘောလုံးလောက တိုးတက်ရေး အတွက် မြန်မာနေရှင်နယ်လိဂ်မှ ကူညီပေးခဲ့သည်များနှင့် ထပ်မံကူညီပေးသွားမည့် အစီအစဉ်များ၊ ဇုန်အလိုက် ဘောလုံးပွဲများ ကျင်းပရာတွင် မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ ဝင်ရောက် ပံ့ပိုးသွားမည့် အစီအစဉ်များ၊ သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ဘောလုံးအသင်းများမှ ပြန်လည် ကူညီစေချင်သည်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထွေထွေ ဆွေးနွေးမှု အစီအစဉ်ကို ဆက်လက် ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် တက္ကသိုလ်များမှ တာဝန်ရှိ ဆရာ၊ ဆရာမကြီးများက လိုအပ်သည်များ၊ ဝိဝါဒ ကွဲပြားနေသည်များကို ပွင့်လင်းစွာ ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ယင်းနောက်တွင်မူ လာမည့် မေလ ၂၀ ရက်တွင် စတင်ကျင်းပ ပြုလုပ်သွားမည့် MPT – University Football Tournament 2018 အောက်မြန်မာပြည် ဇုန်အလိုက် (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်ဇယား မဲနှိုက်ရေးဆွဲမှုကို ဆက်လက် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ အောက်မြန်မာပြည် ဇုန်(၈)ဇုန် ဖြစ်သည့် ရန်ကုန်ဇုန်၊ ရန်ကုန်အရှေ့ပိုင်းဇုန်၊ ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒဂုံဇုန်၊ မော်လမြိုင်ဇုန်၊ ပုသိမ်ဇုန်၊ စစ်တွေဇုန်၊ ပြည်ဇုန် အစရှိသည့် ဇုန်များမှ ကိုယ်စားပြု ဇုန်လက်ရွေးစင် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲများ အဖြစ် ကျင်းပသွားမည် ဖြစ်ရာ အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဇုန်အားလုံးမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ပြည်ဇုန်နှင့် စစ်တွေဇုန်များမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်သည့် အတွက် အသင်းခြောက်သင်းသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
အမျိုးသား ဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်မှ မေ ၃၁ ထိ ကျင်းပသွားမည် ဖြစ်ကာ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မေ ၂၁ မှ မေ ၃၀ ထိ ကျင်းပသွားမည် ဖြစ်သည်။ ပွဲစဉ်ဇယား မဲနှိုက်ရေးဆွဲပွဲ အပြီးတွင် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှက အစည်းအဝေးတက်ရောက်လာသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။