ကွင်းလယ်ဒိုင်အား ထိုးကြိတ်ရန် ကြိုးပမ်းခဲ့သူ မကွေးယူ-၁၉ ကစားသမားကို ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်

May 3, 2018

ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သည့် MPT Myanmar National League Youth (U-19) လူငယ်အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ် တစ်ပွဲဖြစ်သည့် ဆောက်သမ်းမြန်မာ အသင်းနှင့် မကွေး အသင်းတို့၏ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ကို ရန်ပြု ထိုးကြိတ်ရန် ကြိုးပမ်းခဲ့သူ မကွေးယူ-၁၉ ကစားသမား အောင်ထွန်းထွန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

မကွေး ယူ-၁၉ အသင်းမှ ကစားသမား တစ်ဦးဖြစ်သည့် အောင်ထွန်းထွန်းသည် အဆိုပါ ပွဲ၏ ပွဲချိန် ၈၈ မိနစ်တွင် ပြိုင်ဘက် အသင်းမှ ကစားသမား တစ်ဦးကို နောက်မှ ဖြတ်ကန်ခဲ့သည့် အတွက် ကွင်းလယ်ဒိုင်မှ အဝါကတ် ပြသခဲ့သည်ကို မကျေနပ်ဘဲ စောဒကတက်သဖြင့် ၎င်းအား ခေါ်ယူ၍ သတိပေးရာတွင် ကွင်းလယ်ဒိုင်အား ဆဲဆိုနေခဲ့သောကြောင့် ကွင်းလယ်ဒိုင်ဖြစ်သူမှ ဒုတိယမြောက် အဝါကတ်ကို ထပ်မံပြသကာ အနီကတ် ပြသပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။ ယင်းသို့ အနီကတ် ပြသချိန်တွင် အဆိုပါ ကစားသမားက အနီကတ်အား ဆွဲယူချိုးဖဲ့ပြီး ကွင်းလယ်ဒိုင်အား ထိုးကြိတ်ရန် ကြိုးစားသဖြင့် အသင်းဖော်များနှင့် တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ရပါသည်။ ၎င်းသည် ကွင်းအပြင်သို့ ထွက်ခွာစဉ်တွင်လည်း ရေဗူးကို ကန်ခြင်း၊ ကွင်းတံခါးပေါက်များကို ကန်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။

သို့ဖြစ်ရာ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် မေလ ၃ ရက်၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် အစည်းအဝေး ပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့သည်။

  • မကွေး ယူ-၁၉ အသင်းမှ ကျောနံပါတ် (၁၁) အောင်ထွန်းထွန်းသည် ပြိုင်ပွဲရပ်နားထားစဉ် ဒိုင်လူကြီးအား တွန်းထိုး၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ဒိုင်လူကြီး လက်ဝယ်ရှိ အနီကတ်ကို လုယူချိုးဖဲ့ခဲ့ခြင်း တို့ကြောင့် MPT Myanmar National League Youth (U-19, U-21) ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း ၁၂-၃ နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၁) တို့အရ အနီးစပ်ဆုံး (၁၀) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ တစ်သိန်းကျပ် ပေးဆောင်ရန်။

 

https://youtu.be/xuo03mrHu4s