Leeds United အသင်းကို အနိုင်ကစားခဲ့သည့် MNL All Stars အသင်း

May 9, 2018

မြန်မာနေရှင်နယ်လိဂ်၊ MNL All Stars အသင်းနှင့် အင်္ဂလန်ကလပ် Leeds United အသင်းတို့သည် မေ ၉ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်းတွင် ချစ်ကြည်ရေး ခြေစမ်းကစားခဲ့ရာ MNL All Stars အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

MNL All Stars အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၂၁ မိနစ်တွင် ဂျိုးဇက်ကလည်းကောင်း၊ ၆၃ မိနစ်တွင် ခရစ္စတိုဖာ(ပင်နယ်တီ)မှ လည်းကောင်း သွင်းယူပေးခဲ့ပြီး Leeds United အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် အသင်းခေါင်းဆောင် Samuel Saiz Alonso က သွင်းယူပေးခဲ့သည်။

Leeds United အသင်းသည် လာမည့် မေ ၁၁ ရက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် မန္တလေးမြို့၊ မန္တလာသီရိဘောလုံး ကွင်းတွင် ထပ်မံခြေစမ်းကစားမည်ဖြစ်သည်။ အင်္ဂလန်ကလပ် Leeds United အသင်းလာရောက် ယှဉ်ပြိုင်ကစားသည့် ခြေစမ်း ခရီးကို ဧရာဝတီဘဏ်မှ စီစဉ်ပံ့ပိုးပေးခြင်းဖြစ်သည်။