General Aung San Shield 2018 ပထမအဆင့် ပွဲစဉ်များ မေလ ၁၂ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်

May 11, 2018

မြန်မာ့ဘောလုံးလောကအတွင်း သက်တမ်းအားဖြင့်သာမက ဂုဏ်သိက္ခာ အရပါ မြင့်မားသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက် ဘောလုံးပြိုင်ပွဲကြီး General Aung San Shield 2018 ပထမအဆင့် ပွဲစဉ်များအား ယခုတစ်ပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ် General Aung San Shield 2018 ဘောလုံးပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲဝင် ၁၂ သင်းနှင့် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ ၇ သင်း၊ စုစုပေါင်း ၁၉ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပထမအဆင့်ပွဲစဉ်များကို မေလ ၁၂၊ ၁၃ ရက်များတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပထမအဆင့်တွင် ဂျီအက်ဖ်အေနှင့် ငွေကြယ်ပွင့်လေးများ၊ ရွိုင်ရယ်သန်လျင်နှင့် ယူနီဗာစတီ၊ ကချင်ယူနိုက်တက်နှင့် ဒဂုံအက်ဖ်စီ၊ စစ်ကိုင်းယူနိုက်တက် နှင့် မြ၀တီအက်ဖ်စီ၊ မောင်းတိန်းလိုင်းယွန်း နှင့် မောရ၀တီအသင်းတို့ တွေ့ဆုံနေလျက်ရှိသည်။

မေလ ၁၂ ရက်တွင် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်များအနက် ဂျီအက်ဖ်အေ-ငွေကြယ်ပွင့်လေးများ ပွဲစဉ်အား သုဝဏ္ဏကွင်း၌လည်းကောင်း၊ ရွိုင်ရယ်သန်လျင်-ယူနီဗာစတီ ပွဲစဉ်အား အောင်ဆန်းကွင်း၌လည်းကောင်း၊ ကချင်ယူနိုက်တက်-ဒဂုံအက်ဖ်စီ ပွဲစဉ်အား ပဒုမ္မာကွင်း၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး အထက်ပါပွဲစဉ်များကို MNL FB Page၊ MNL Web TV နှင့် မြ၀တီရုပ်မြင်သံကြားတို့မှ တိုက်ရိုက်ပြသပေးသွားမည်လည်း ဖြစ်ပါသည်။

မေလ ၁၂ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပသွားမည့် General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တပ်မတော် ( ကြည်း၊ ရေ၊ လေ) မိသားစုမှ ပံ့ပိုးပေးထားပါသည်။ တပ်မတော် ( ကြည်း၊ ရေ၊ လေ) မိသားစု အနေဖြင့် မြန်မာ့ဘောလုံးသမိုင်း၏ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲကြီး ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဖလားပွဲ ကျင်းပနိုင်ရေး အတွက် ၂၀၁၅ ခုနှစ် ကတည်းက ယခုအချိန်ထိ အဓိက ပံ့ပိုးသူအဖြစ် ပံ့ပိုးငွေများ လှူဒါန်းပေးအပ်နေခြင်းဖြစ်သည်။

၁၂-၅-၂၀၁၈
ဂျီအက်ဖ်အေ- ငွေကြယ်ပွင့်လေးများ၊ ၃း၃၀(သုဝဏ္ဏ)- Live On- MNL FB Page
၁၂-၅-၂၀၁၈
ရွိုင်ရယ်သန်လျင်-ယူနီဗာစတီ၊ ၃း၃၀(ပဒုမ္မာ)- Live On- MNL Web TV
၁၂-၅-၂၀၁၈
ကချင်ယူနိုက်တက်-ဒဂုံအက်ဖ်စီ၊ ၃း၃၀(အောင်ဆန်း)- Live On- မြ၀တီရုပ်မြင်သံကြား

၁၃-၅-၂၀၁၈
၃း၃၀(သုဝဏ္ဏ)
စစ်ကိုင်းယူနိုက်တက်-မြ၀တီအက်ဖ်စီ-Live On- မြ၀တီရုပ်မြင်သံကြား
၁၃-၅-၂၀၁၈
၃း၃၀(အောင်ဆန်း)
မောင်းတိန်းလိုင်းယွန်း-မောရ၀တီ- Live On- MNL Web TV