၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စစ်ကိုင်းယူနိုက်တက် အသင်းနဲ့ မြဝတီ အသင်းတို့ရဲ့ ပွဲစဉ်မှာ ပွဲချိန်အတွင်း တစ်ဘက် ၂ ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်မှာ စစ်ကိုင်းယူနိုက်တက် အသင်းက အနိုင်ရခဲ့တာကြောင့် ဒုတိယအဆင့် ရှုံးထွက်ပွဲတွေဆီ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မြဝတီ အသင်းအနေနဲ့ ပွဲချိန် ၂၅ မိနစ်မှာ သက်ပိုင်ကို သွင်းပေးတဲ့ ဦးဆောင်ဂိုးနဲ့ အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် စစ်ကိုင်းယူနိုက်တက်က အရံခုံထိုင်ခိုင်းထားတဲ့ တိုက်စစ်ကစားသမား ဖရိုင်းဒေးကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့တာကြောင့် စစ်ကိုင်းယူနိုက်တက် အနေနဲ့ အခွင့်အရေးတွေ ရလာခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ တိုက်စစ်မှူးသစ် ဘမ်ဘာက ချေပဂိုးကို သွင်းယူပေးနိုင် ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စစချင်းမှာ ဘမ်ဘာကပဲ မြဝတီအသင်း အထနှေးမှုကို အခွင့်ကောင်းယူပြီး စစ်ကိုင်းယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အနိုင်ကနေ အရှုံးဖြစ်သွားခဲ့တာကြောင့် မြဝတီ အသင်း အစွမ်းကုန် အားထုတ်လာခဲ့ပြီး စစ်ကိုင်းယူနိုက်တက် ဘက်ကို တိုက်စစ်ဆင် ကစားလာခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းက မြဝတီ အသင်းကို ပွဲချိန်တစ်လျှောက် အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးလို့ ထပ်ဆောင်း အချိန်ပိုမှာတော့ အမှားအယွင်းတစ်ရပ် ကျူးလွန်ခဲ့ပြီး မြဝတီ အသင်းကို ပင်နယ်တီကန်ခွင့် ရရှိစေခဲ့ပါတယ်။ ဒီပင်နယ်တီကို မြဝတီရဲ့ ဝါရင့်တိုက်စစ်မှူး ရဲဝေယံစိုးက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ တာကြောင့် မြဝတီအသင်း လိုအပ်တဲ့ ချေပဂိုး ရရှိခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပိုမှာ တစ်သင်းနဲ့ တစ်သင်း အသာစီး ရနိုင်ဖို့ အစွမ်းကုန် အားထုတ်ခဲ့ကြပေမယ့်လည်း လိုအပ်တဲ့ သွင်းဂိုးတွေ ထပ်မရတော့တာကြောင့် ပင်နယ်တီ ကန်သွင်းဆုံးဖြတ်မှု ယူရာမှာတော့ မြဝတီ အသင်းက အောင်ဖြိုး၊ ကျော်ဇင်ထိုက်၊ မျိုးမင်းထွဋ် တို့ရဲ့ ကန်သွင်းချက်တွေ အကုန်လုံးကို စစ်ကိုင်းယူနိုက်တက် ဂိုးသမား အေဇင်မှူး လက်စွမ်းပြ ကာကွယ်နိုင်ခြဲ့ပီး စစ်ကိုင်းယူနိုက်တက်ရဲ့ ဘမ်ဘာ၊ ဖရိုင်းဒေး၊ မျိုးသူဝင်းတို့ရဲ့ ကန်ချက်တွေအကုန် ဂိုးဝင်ခဲ့တာကြောင့် ပွဲအပြီးမှာ စစ်ကိုင်းယူနိုက်တက် အသင်းက ၅-၂ ဂိုးနဲ့ အနိုင်ရပြီး ဒုတိယအဆင့်ကို တက်ရောက်သွား နိုင်ခဲ့ပါတယ်။