မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလား အာဆီယံဇုန် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဆီရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အား မေလ ၁၆ ရက်၊ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားသည့် ရန်ကုန်အသင်းအတွက် စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်သည်။
ဖိလစ်ပိုင်မြေတွင် ယှဉ်ပြိုင်ခဲ့သော ဆီရက်စ်နီဂရိုးစ်-ရန်ကုန် ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိထားရာ ရန်ကုန်အသင်းအနေဖြင့် အိမ်ကွင်းတွင် ဂိုးပြတ် ပြန်လည် အနိုင်ရရှိမှသာ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်အသင်း၏ ညာတောင်ပံ ကစားသမား ဒေးဗစ်ထန်းနှင့် ဆွမ်လမ်မာန်တို့မှာ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ရာ ဆီရက်စ်အသင်းနှင့် ပွဲစဉ်တွင် လူငယ်ကစားသမားများ ပွဲထွက်ပါဝင်လာဖွယ်ရှိနေသည်။ ထို့အပြင် ပထမအကျော့ပွဲစဉ်၌ အမှားများခဲ့သည့် နောက်တန်အား အချိန်မီပြုပြင်၍ အိမ်ကွင်းပွဲစဉ်တွင် ရလဒ်ကောင်း ပြန်လည် ရယူနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။
ရန်ကုန်အသင်း၏ ဂီနီတိုက်စစ်မှူး ဆီလာအနေဖြင့် ယခုနှစ် အေအက်ဖ်စီဖလားတွင် ဆီရက်စ်တိုက်စစ်မှူး မာရာနီယွန် နှင့်အတူ သွင်းဂိုး ၉ ဂိုး သွင်းယူထားနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး သွင်းဂိုးများများ လိုအပ်နေသည့် ယခုပွဲစဉ်၌ ၎င်း၏ သွင်းဂိုးများဖြင့် အသင်းအား အကောင်းဆုံး အလုပ်အကျွေးပြုသွားနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာကိုယ်စားပြုအသင်း နောက်တစ်ဆင့်နိုင်ရေး အတွက် အရေးပါနေသည့် ယခုပွဲစဉ်သို့ ပရိသတ်များ ကွင်းအတွင်း လာရောက်အားပေးနိုင်ပါရန် အသိပေး ဖိတ်ခေါ်လိုက်ရပါသည်။