MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-12) ပွဲစဉ်တစ်ပွဲအဖြစ် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယနေ့ ညနေ ၄း၀၀ နာရီက သုဝဏ္ဏကွင်းတွင် ကစားခဲ့ပြီး ဇွဲကပင်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
ဇွဲကပင်အသင်းနှင့် ဟံသာဝတီအသင်းတို့သည် ပွဲစတင်သည်နှင့် ဂိုးရရှိရန် ကြိုးပမ်းခဲ့ကြသော်လည်း ပထမပိုင်း မိနစ် ၃၅ မိနစ်အထိ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပေ။ ပွဲချိန် ၃၉ မိနစ်တွင် ဇွဲကပင်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး သန်းထက်အောင်က သွင်းပေးခဲ့သည်။ နောက်ထပ် နှစ်မိနစ်အကြာတွင် ဇွဲကပင်အသင်းက ထပ်မံ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး အသင်းသို့ အသစ်ရောက်လာ သည့် ဇွန်မိုးအောင်က သွင်းပေးခဲ့သည်။ ငါးမိနစ်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုးပေးခဲ့ရသည့် ဟံသာဝတီအသင်းသည် ချေပဂိုးများ ပြန်လည် ရရန် ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၄၄ မိနစ်တွင် တိုက်စစ်မှူး ဂျိုးဇက်က ပထမချေပဂိုး ပြန်လည်သွင်းပေးခဲ့သည်။ နှစ်သင်းစလုံးသည် အပြန် အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပထမပိုင်းအပြီးတွင် ဇွဲကပင်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဟံသာဝတီအသင်းက လိုအပ်နေသည့် ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သလို ဇွဲကပင်အသင်းမှလည်း အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သည်။ ဇွဲကပင်အသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို လူစားဝင်ရောက်လာသည့် ရန်ကျော်ထွေးက သွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ဇွဲကပင်အသင်းက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပထမအကျော့ ရှုံးကြွေး ပြန်လည်ဆပ်သွားခဲ့သည်။