မတ်လ-ဧပြီလများအတွက် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးဆုများကို မကွေးအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့မှ ရရှိ

May 19, 2018

MPT Myanmar National League 2018 ပြိုင်ပွဲ၏ မတ်လ-ဧပြီလများအတွက် အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို ယနေ့ စစ်ကိုင်းယူနိုက်တက်-မကွေးအက်ဖ်စီ၊ ဇွဲကပင်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်ပွဲစဉ်များ မတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ရာ နည်းပြဆုကို မကွေးအသင်းနည်းပြ ဦးအောင်ဇော်မျိုးနှင့် ကစားသမားဆုကို ဇွဲကပင်အသင်းမှ သန်းထက်အောင်တို့က ရရှိခဲ့ကြသည်။

အကောင်းဆုံးနည်းပြဆုကို မုံရွာမြို့၊ မုံရွာအားကစားကွင်း၌ စစ်ကိုင်းယူနိုက်တက်-မကွေးအက်ဖ်စီပွဲစဉ် ယှဉ်ပြိုင်မကစားမီ ပေးအပ်ခဲ့ရာ အဆိုပါဆုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးဝင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ အကောင်းဆုံးကစားသမားဆုကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသည့် ဇွဲကပင်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက် ပွဲစဉ်မတိုင်မီ ပေးအပ်ခဲ့သည်။ ယင်းအကောင်းဆုံးကစားသမားဆုကို MPT မှ Department General Manager Mr. Sombat Krairitနှင့်  MPT မှ Operation Team Manager ဒေါ်ခင်သူဇာကျော်တို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ပါတနာဖြစ်သည့် MPT တို့ ပူးပေါင်း ပေးအပ်ခဲ့သည့် အဆိုပါဆုများအတွက်  ကစားသမားဆုကို ဆုတံဆိပ်နှင့် ငွေကျပ် ၁၅၀,၀၀၀ သိန်း၊ နည်းပြဆုကို ဆုတံဆိပ်နှင့်  ငွေကျပ်  ၁ သိန်း ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ယခုကဲ့သို့ တစ်လတာ အကောင်းဆုံးဆုများကို MPT Myanmar National League 2018 ဘောလုံးရာသီအစပိုင်းကတည်းက ပေးအပ်ချီးမြှင့်လာခဲ့ရာ ဇန်နဝါရီလအတွက် အကောင်းဆုံး နည်းပြဆုကို ရတနာပုံ အသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ရယူနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရတနာပုံ ကွင်းလယ်လူ စည်သူအောင်က ရယူနိုင်ခဲ့သည်။ ဖေဖော်ဝါရီ လအတွက် အကောင်းဆုံး နည်းပြနှင့် ကစားသမား ဆုများကိုမူ ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တောင်ပံကစားသမား မောင်မောင်လွင်တို့က ရယူထားနိုင်ခဲ့သည်။