ဂါနာတိုက်စစ်မှူး ပက်ထရစ်နှင့် ရှမ်းအသင်း လမ်းခွဲ ~ ဈေးကွက်မပိတ်မီ နိုင်ငံခြားသား တစ်ဦး ခေါ်ဦးမည်ဟုဆို

May 23, 2018

ပထမအကျော့တွင် ပွဲထွက်ကစားသမားအဖြစ် လေးပွဲသာ ပါဝင်ကစားခဲ့ရ
================================
MPT Myanmar National League 2018 အမှတ်ပေးဇယား တတိယနေရာသို့ ရောက်ရှိနေသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် ရာသီအစက ခေါ်ယူထားသည့် တိုက်စစ်မှူး ပက်ထရစ်နှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက ရတနာပုံအသင်းသို့ ရာသီဝက်တွင် ရောက်ရှိလာပြီး ခြေစွမ်းပြခဲ့သည့် ပက်ထရစ်သည် ယခုရာသီ မစမီတွင် ရှမ်းယူနိုက်တက် အသင်း၏ မျှော်လင့်တကြီး ခေါ်ယူခြင်းကို ခံခဲ့ရသော်လည်း အသင်းအတွက် ပွဲထွက်ကစားခွင့် လေးပွဲသာ ရရှိပြီး အရန်ခုံ၌သာ အချိန်ကုန်ခဲ့ရသူဖြစ်သည်။ ထို့အတူ ရှမ်းယူနိုက်တက်အသင်း ပထမအကျော့က ရရှိခဲ့သည့် သွင်းဂိုး ၁၅ ဂိုး(ရှမ်း-ဧရာဝတီပွဲစဉ်မှ သွင်းဂိုးများ မပါ) တွင် ဂါနာတိုက်စစ်မှူး၏ သွင်းဂိုးများ မြင်တွေ့ခဲ့ရခြင်း မရှိပေ။
ထို့အတူ ရှမ်းယူနိုက်တက် အသင်းသည် အခြားသော ပြည်တွင်း ကစားသမား နှစ်ဦးဖြစ်သည့် နန်းမင်းအောင်နှင့် ဖြိုးပိုင်စိုးတို့နှစ်ဦးနှင့်လည်း လမ်းခွဲလိုက်ပြီဟု တစ်ဆက်တည်း သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို ကစားသမားများနှင့် လမ်းခွဲခဲ့ရခြင်းနှင့် ပတ်သက်၍ ရှမ်းယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက “သူတို့တွေက ခြေစွမ်းရှိတဲ့ ကစားသမားတွေပါ။ လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားကြပါတယ်။ ဒါပေမဲ့ အသင်းကစားကွက်နဲ့ အံမ၀င်တဲ့အခါ ကစားရဖို့ မလွယ်ပါဘူး။ သူတို့အနာဂတ်အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို အားလုံးတိုင်ပင်ပြီးရွေးချယ်ခဲ့တာပါ။ အသင်းမှာ ရှိခဲ့စဉ်က ကစားပေးခဲ့တာတွေအတွက် အမြဲတမ်း အမှတ်တရ ရှိနေမှာပါ။ ပွဲတွေအများကြီး မကစားရပေမဲ့ သူတို့လည်း အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ သူတို့ပေးဆပ်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ရှေ့အနာဂတ်မှာလည်း တိုး တက် အောင်မြင်စေဖို့ ဆုတောင်းပေးပါတယ်” ဟု ရှမ်းယူနိုက်တက် အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းယူနိုက်တက် အသင်းသည် ဂါနာ တိုက်စစ်မှူး ပက်ထရစ်ကို လက်လွှတ်လိုက်ပြီးနောက် မေလ ၃၁ ရက် ရာသီဝက် အပြောင်းအရွှေ့ဈေးကွက် မပိတ်မီအချိန်အတွင်း နိုင်ငံခြားသား တိုက်စစ်မှူး တစ်ဦးကို အချိန်မီ ခေါ်ယူနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။

အခြားသော သတင်းတစ်ရပ်အရ ရှမ်းယူနိုက်တက်နှင့် လမ်းခွဲခဲ့သည့် နန်းမင်းအောင်နှင့် ဖြိုးပိုင်စိုးတို့ နှစ်ဦးကို ဆောက်သမ်းမြန်မာအသင်းက ခေါ်ယူခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိ MPT Myanmar National League 2018 ပွဲစဉ်(၁၂) အပြီး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။