MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) ပွဲစဉ်တစ်ပွဲအဖြစ် မေ ၂၈ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက စလင်းကွင်းတွင် ရတနာပုံအသင်းနှင့် မြ၀တီအသင်းတို့ ကစားခဲ့ရာ ရတနာပုံအသင်းက ၂-၁ ဖြင့် အနိုင်ရခဲ့သည်။
ရတနာပုံအသင်းသည် ဦးဆောင်ဂိုးရရှိရန် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် တိုက်စစ်ဆင်ကစားခဲ့ပြီး မြ၀တီအသင်းမှလည်း မာမာထန်ထန် တုံ့ပြန်ကစားခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် အာကာမှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ရတနာပုံအသင်းက ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး ရဲရင့်အောင်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် မြ၀တီအသင်းမှ ချေပဂိုးများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်ပြီး ရတနာပုံအသင်းမှ အကောင်းဆုံး တန်ပြန်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၅၈ မိနစ်တွင် မြ၀တီအသင်းမှ နောက်ခံလူ မြင့်လွင်ဦးသည် ကစားပုံကြမ်းခဲ့သည့်အတွက် အနီကတ် ဖြင့် ထုတ်ခံခဲ့ရသည်။ ပွဲချိန် ၆၀ မိနစ်တွင် မြ၀တီအသင်းမှ ချေပဂိုး တစ်ဂိုး ပြန်လည်ရခဲ့ပြီး ညီညီထွန်းက သွင်းယူပေးခဲ့သည်။ မြ၀တီအသင်း သည် တစ်ယောက်လျော့သော်လည်း ရတနာပုံအသင်းကို မာမာထန်ထန် တုံ့ပြန်ကစားနိုင်ခဲ့သည်။ လက်ကျန်မိနစ်များတွင် ဂိုးထပ်မံမသွင်းနိုင်ခဲ့သည့်အတွက် ရတနာပုံအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။