Sittway Zone အသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် Dagon Zone အသင်း

May 29, 2018

MPT Universtiy Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဇုန်အလိုက် (အောက်မြန်မာပြည်ဇုန်) အမျိုးသား ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် မေ ၂၉ ရက်(ယနေ့) ညနေ ၃း၀၀ နာရီက ပဒုမ္မာကွင်းတွင်Dagon Zone အသင်းနှင့် Sittway Zone အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Dagon Zone အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။


အဆိုပါပွဲတွင် Dagon Zone အသင်းမှ ဦးဆောင်ဂိုးရရှိရန် တိုက်စစ်ဆင် ဖိကစားခဲ့သော်လည်း ဦးဆောင်ဂိုးကို Sittway Zone အသင်းက စတင်ရရှိသွားခဲ့သည်။ Sittway Zone အသင်းအတွက် ဦးဆောင်ဂိုးကို ၄၅+၂ မိနစ်တွင် ဇော်ဘိုဘိုထက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် Sittway Zone အသင်းက တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် Dagon Zone အသင်းမှ ချေပဂိုး ပြန်လည်ရရှိရန် ဖိကစားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်တွင် ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ Dagon Zone အသင်းအတွက် ပထမဂိုးကို မိုးကျော်ကျော်ဟိန်းက သွင်းယူပေးခဲ့သည်။ နောက်ထပ် နှစ်မိနစ်အကြာတွင် Dagon Zone အသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး မိုးကျော်ကျော်ဟိန်းမှပင် ထပ်မံသွင်းပေးခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် Dagon Zone အသင်းမှ တတိယ ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး သန့်ဇင်ဦးက သွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် Dagon Zone အသင်းက Sittway Zone အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် Dagon Zone အသင်းသည် Pathein Zone အသင်းနှင့် West Yangon Zone အသင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။

MPT Universtiy Football Tournament 2018 ဘောလုံးပြိုင်ပွဲ ဇုန်အလိုက် (အောက်မြန်မာပြည်ဇုန်) အမျိုးသားပွဲစဉ် ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို လာမည့် မေ ၃၁ ရက်၊ သထုံလမ်းရှိ၊ တက္ကသိုလ်များ ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်သည်။