ဒီကနေ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံး ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆောက်သမ်းမြန်မာနဲ့ ဂျီအက်ဖ်အေတို့ရဲ့ ပွဲမှာတော့ ဂျီအက်ဖ်အေ အသင်းက စနေနေ့က လိဂ်ပွဲအရှုံးကို ချေဖျက်ပြီး ဆောက်သမ်းအသင်းကို (၂-၃)ဂိုးနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂျီအက်ဖ်အေနဲ့ ဆောက်သမ်းမြန်မာ အသင်းတို့ဟာ MPT Myanmar National League 2018 ပွဲစဉ် ၁၃ ပွဲစဉ်တစ်ပွဲအဖြစ် ပြီးခဲ့တဲ့ စနေနေ့ကပဲ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲဒီပွဲတုန်းက ဆောက်သမ်းက (၁-၂)နဲ့ နိုင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဆောက်သမ်းက ဖြိုးပိုင်စိုး၊ နန်းမင်းအောင် စတဲ့ ကစားသမားသစ်တွေကို အမာခံကစားသမားတွေနဲ့ တွဲဖက် ပွဲထုတ်ခဲ့ပြီး ဂျီအက်ဖ်အေကလည်း ကာမာရာအစား ထပ်မံလဲလှယ်ထားတဲ့ တိုက်စစ်မှူး ဂျော်ဒန်ကို ထည့်သွင်းကစားခဲ့တာ တွေ့ရပါတယ်။ ပွဲရဲ့ ပထမပိုင်းကတော့ အခွင့်အရေးတွေ ဖန်တီးဖို့ ကြိုးစားကြရင် အလွဲလွဲအချော်ချော်နဲ့သာ ပြီးဆုံးသွားခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာတော့ ဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ကြပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ ဂျီအက်ဖ်အေက အတော်လေး ပုံစံမှန်လာခဲ့ပြီး ပွဲချိန် ၅၁ မိနစ် အရောက်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို စိုးမင်းထွန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ဆောက်သမ်းက ချေပဂိုးရဖို့ တန်ပြန်လာခဲ့ပြီး ဂျီအက်ဖ်အေ ခံစစ်ကြောင်းက အမှားအယွင်း နည်းပါးစွာနဲ့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ် အရောက်မှာတော့ ဂျီအက်ဖ်အေ ဒုတိယဂိုးထပ်ရပါတယ်။ Mung Theih Pau က သွင်းပေးခဲ့တာပါ။
ပွဲချိန် ၈၁ မိနစ်မှာ ဖြိုးပိုင်စိုးက ဆောက်သမ်းအတွက် ချေပဂိုးတစ်ဂိုးကို လှလှပပ သွင်းပေးခဲ့ပေမယ့်လည်း အရှိန်တက်နေတဲ့ ဂျီအက်ဖ်အေက ပွဲချိန် ၈၆ မိနစ်မှာ တစ်ဂိုးထပ်သွင်းသွား ခဲ့ပါတယ်။ ဒီဂိုးကို ပြုံးချိုက ဆောက်သမ်းနောက်ခံလူတွေ လူကျွံ ဖမ်းကစားတာကို ပါးပါးနပ်နပ် ဖောက်ထွက်ပြီး ဂိုးသမားကိုပါ လိမ်ခေါက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ ဂျီအက်ဖ်အေက ရလဒ်ကို ထိန်းဖို့ကြိုးစားခဲ့ပြီး ဆောက်သမ်းက ချေပဂိုးတွေအတွက် တင်ကစားခဲ့ပါတယ်။ ဒါကြောင့် ထပ်ဆောင်းအချိန်ပို ၃ မိနစ် အရောက်မှာ ဘယ်ရီက ဆောက်သမ်းအတွက် ဒုတိယချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့ပေမယ့် သရေရဖို့အထိတော့ မလုံလောက်ခဲ့တာမို့ ပွဲအပြီးမှာ ဂျီအက်ဖ်အေက လိဂ်ပွဲတုန်းက ရှုံးကြွေးကို ပြန်ဆပ်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျီအက်ဖ်အေ အနေနဲ့ ကွာတားဖိုင်နယ်မှာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲကို ရောက်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
General Aung San Shields 2018
2nd Stage
Southern Myanmar 2-3 GFA
Soe Min Tun 51′ (GFA)
Mung Theih Pau 61′ (GFA)
Phyo Paing Soe 81′ (STM)
Pyone Cho 86′ (GFA)
Berry 90’+3′ (STM)
Full Time….