MPT Myanmar National League 2018 Week 14
၂-၆-၂၀၁၈
ရခိုင်ယူနိုက်တက်-ရန်ကုန်ယူနိုက်တက်(ဝေသာလီ)
ပထမအကျော့ ရန်ကုန်ကွင်းမှာ အိမ်ရှင်အသင်းက ၃-၁ ဂိုး ရလဒ်နဲ့ အနိုင်ယူထားပါတယ်။ ဒါပေမယ့် ဒီတစ်ချိန် ယှဉ်ပြိုင်ရမှာက ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ ဖြစ်ပါတယ်။ ရခိုင်အသင်းက အိမ်ကွင်းဆို ရလဒ်ကောင်းလေ့ ရှိတဲ့အသင်းဖြစ်ပါတယ်။ ဒီရာသီ အိမ်ကွင်း ၅ ပွဲ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားတာလည်း တွေ့ရပါတယ်။ တစ်ဖက်မှာ ဧည့်သည်အသင်းက မကွေး-ရတနာပုံ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်အရေးယူပြီး အဝေးကွင်း ရလဒ်ကောင်းရဖို့ အားကုန်ထုတ်လာပါလိမ့်မယ်။ ဒီပွဲစဉ်မှာ ကွင်းလယ်လူ ရန်အောင်ကျော်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဦးမှာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝေသာလီမြေက ရခိုင်-ရန်ကုန် တွေ့ဆုံမှုက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါကြောင့် ပထမအကျော့ကလိုပဲ အနိုင်ရလဒ်က ရန်ကုန်အသင်းအတွက်ပဲလား…ဝေသာလီသားတွေအတွက် အနိုင်ရလဒ်ဟာ ရွာရန် ရာနှုန်းပြည့်လားဆိုတာ စောင့်ကြည့်ကြပါစို့..။
၂-၆-၂၀၁၈
ဟံသာဝတီယူနိုက်တက်-မြ၀တီအက်ဖ်စီ(ပဲခူး)
ပွဲစဉ်(၁၃) အပြီးအထိ (တစ်ပွဲလျော့) ရမှတ် ၂ မှတ်သာ ရရှိထားတဲ့ မြ၀တီအသင်းရဲ့ အခြေအနေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခွင့်ရဖို့ စွမ်းဆောင်ရည်ကောင်းတွေ ပြဖို့ လိုအပ်နေပါပြီ။ ပြိုင်ဘက် ဟံသာဝတီအသင်းကတော့ အကောင်းဘက်ကို ဦးတည်နေတာ တွေ့ရမှာဖြစ်ပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေပါတယ်။ ဒီလိုအခြေအနေမှာ မြ၀တီနောက်ခံလူ ဝေယံဦးကလည်း ဒဏ်ရာကြောင့် ပါဝင်ဖို့ သေချာမှု မရှိသေးပါဘူး။ ဒါကြောင့် ဟံသာဝတီအသင်း အိမ်ကွင်းမှာ မြ၀တီအသင်း ရုန်းကန်ရနိုင်ပါတယ်။ ဒါ့အပြင် ဟံသာဝတီနောက်ခံလူ မိုက်ကယ် ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ အောင်ဆန်းကွင်းမှာ တွေ့ဆုံစဉ်က ၂-၁ ဂိုးနဲ့ ဟံသာဝတီက အနိုင်ရထားပါတယ်။
၂-၆-၂၀၁၈
မကွေးအက်ဖ်စီ-ရတနာပုံအက်ဖ်စီ(သုဝဏ္ဏ)
ရှမ်းယူနိုက်တက်အသင်းရဲ့ ဖိအားပေးမှုကြောင့် မကွေးအသင်းရဲ့ အဆင့် ၂ နေရာ တည်မြဲရေး ကြိုးပမ်းအားထုတ်မှုဟာ ဒီပွဲစဉ်မှာ ပိုမို အသက်ဝင်လာဖွယ်ရှိနေပါတယ်။ ပထမအကျော့မှာတော့ မောင်မောင်စိုးရဲ့ နောက်ကျသွင်းဂိုးနဲ့ ရတနာပုံတို့ အိမ်ကွင်းမှာ လက်မြောက် အရှုံးပေးထားရပါတယ်။ ခါးသီးတဲ့ ပထမအကျော့ရလဒ်က ရတနာပုံအသင်းအတွက် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် ထင်ကျန်နေဦးမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မကွေး-ရတနာပုံ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်က ပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။
၃-၆-၂၀၁၈
ဧရာဝတီယူနိုက်တက်-ဂျီအက်ဖ်အေ(ပုသိမ်)
ပြိုင်ဘက်ကောင်းတစ်သင်းအဖြစ် ရောက်ရှိလာမယ့် ဂျီအက်ဖ်အေကို ဧရာဝတီတို့ ဘယ်လိုဧည့်ခံ ရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ လတ်တလော အဆင့် ၁၁ မှာ ရှိနေပေမယ့် ဂျီအက်ဖ်အေအသင်းရဲ့ ခြေစွမ်းက ပြိုင်ဘက်တိုင်း အလေးထားယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်ပါတယ်။ ဧရာဝတီအသင်းက လက်ရှိ အဆင့် ၉ နေရာကနေ ရုန်းထနိုင်အောင် ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိ ပေးဂိုးအများဆုံးအသင်းတွေထဲမှာလည်း တစ်သင်းအပါအ၀င် ဖြစ်နေပါတယ်။ ဒီအချက်ကို ဖာထေးနိုင်ဖို့ ဒုတိယအကျော့အမီ ပြည်ပနောက်ခံလူ တစ်ဦးအပြောင်းအလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီပြောင်းလဲမှုက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်မလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။ ဒါပေမယ့် ကက်ဆီယို ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်လို့ ကွင်းလယ်ပိုင်း အားနည်းမှု ဖြစ်ပေါ်နိုင်ပါတယ်။
၃-၆-၂၀၁၈
ဆောက်သမ်းမြန်မာ-ဇွဲကပင်(မော်လမြိုင်)
ပထမအကျော့မှာ ဇွဲကပင်အသင်းက နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အိမ်ကွင်းနိုင်ပွဲ ပြန်လည်ရယူနိုင်အောင် အိမ်ရှင်အသင်း ကြိုးပမ်းပါလိမ့်မယ်။ ဒါပေမယ့် ဇွဲကပင်အသင်းရဲ့ ခန့်မှန်းရခက်တဲ့ ခြေစွမ်းကြောင့် ဒီကြိုးပမ်းမှုက လွယ်လင့်တကူတော့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါ့အပြင် ဇွဲကပင်အသင်းမှာ သန်းထက်အောင်နဲ့ အန်ဒါဆန်တို့ ပွဲပယ်ပြစ်ဒဏ် ကျခံထားရလို့ အိမ်ရှင်အတွက် အားသာချက်လည်း ဖြစ်လာနိုင်ပါတယ်။
၃-၆-၂၀၁၈
စစ်ကိုင်းယူနိုက်တက်-ရှမ်းယူနိုက်တက်(မုံရွာ)
အိမ်ကွင်းနိုင်ပွဲ မဖြစ်မနေ လိုအပ်နေတဲ့ စစ်ကိုင်းယူနိုက်တက်နဲ့ ချန်ပီယံကာကွယ်ခွင့်အတွက် အမှားခံလို့ မရတော့တဲ့ ရှမ်းအသင်းတို့ မုံရွာကွင်းမှာ ထိပ်တိုက်တွေ့ဆုံနေပါပြီ။ စစ်ကိုင်းအသင်းက လက်ရှိ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေတာဖြစ်ပြီး ရှမ်းအသင်းက ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၃ (ဇယားထိပ်ဆုံးက ရန်ကုန်နဲ့ ၅ မှတ်အကွာ) မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က မတူညီတဲ့ ဦးတည်ချက်တွေနဲ့ ကိုယ်စီ ရလဒ်ကောင်းရဖို့ ကြိုးစားကြမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ပထမအကျော့ တောင်ပေါ်မြေမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှမ်းအသင်းက အနိုင်ရထားပြီး ယခုတစ်ကြိမ် မုံရွာမြေမှာ အနိုင်ရမယ့်အသင်းက အိမ်ရှင်အသင်းလား… ဧည့်သည်အသင်းလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ပထမအကျော့ရလဒ်
ရန်ကုန် ၃-၁ ရခိုင်
ရှမ်း ၁-၀ စစ်ကိုင်း
မြ၀တီ ၁-၂ ဟံသာဝတီ
ဇွဲကပင် ၂-၀ ဆောက်သမ်းမြန်မာ
ဂျီအက်ဖ်အေ ၀-၃ ဧရာဝတီ
ရတနာပုံ ၀-၁ မကွေး