ပွဲစဉ် ၁၃ အပြီးထိ MPT Myanamr National League 2018 အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ရန်ကုန်ယူနိုက်တက် အသင်းအနေနဲ့ ခုတစ်ပတ်မှာလည်း အိမ်ကွင်းမာကျောတဲ့ ရခိုင်ယူနိုက်တက်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ နောက်ကလိုက်ကာ (၂-၃) ဂိုးနဲ့ အနိုင်ကစားပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ရခိုင်ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင် အိမ်ကွင်းမှာ ၆ ပွဲကစားထားပြီး ၅ ပွဲတိတိ အနိုင်ရရှိထားကာ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ခုပွဲမှာလည်း ရခိုင်ယူနိုက်တက်က အိမ်ရှင်ပီပီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၂၉ မိနစ်မှာ ဆန်းဒေးရဲ့ သွင်းဂိုးနဲ့ အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန် အနေနဲ့ ချေပဂိုး ရဖို့ အားထုတ်ခဲ့ပေမယ့် ပထမပိုင်း ပြီးတဲ့ထိ ဂိုးမရခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ရခိုင်ယူနိုက်တက်ကို ရှုံးနိမ့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း အရောက်မှာတော့ ၆ မိနစ်အတွင်း သုံးဂိုးဆက် သွင်းယူနိုင်ခဲ့တာကြောင့် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်အတွက် ဂိုးတွေကို ပွဲချိန် ၆၅ မိနစ်မှာ ဆိုင်လာ၊ ၆၇ မိနစ်မှာ ရန်လင်းအောင်၊ ၇၀ မိနစ်မှာ မောင်မောင်လွင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်လွင် ဂိုးသွင်းပြီးပြီးချင်းမှာပဲ စည်သူသန်းစိုးက ရခိုင်အတွက် ချေပဂိုး တစ်ဂိုးသွင်းခဲ့ပေမယ့် လိုအပ်တဲ့ တတိယမြောက် ချေပဂိုးကို ရခိုင်ယူနိုက်တက် အသင်းက သွင်းယူနိုင်ခြင်း မရှိခဲ့တာကြောင့် ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်က အနိုင်သုံးမှတ်ကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက် အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့တဲ့ အပြင် ဒုတိယနေရာက မကွေးကလည်း ရှုံးပွဲကြုံခဲ့တာကြောင့် မနက်ဖြန် ပွဲတွေ မတိုင်ခင်အထိ ဒုတိယနေရာက ရှမ်းယူနိုက်တက်နဲ့ တတိယနေရာရောက်သွားတဲ့ မကွေးတို့ကို (၈)မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
Photo Credit: Yangon United Football Club