ဇွဲကပင်အသင်းကို အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာသည့် ဟံသာဝတီ

June 6, 2018

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ Second Stage ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနှ်င့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယနေ့ ညနေက အောင်ဆန်းကွင်းတွင် ကစားခဲ့ရာ ဟံသာဝတီအသင်းမှ လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။

အဆိုပါပွဲစဉ်ပထမပိုင်းတွင် ဟံသာဝတီအသင်းမှ ကစားကွက် ပီပီပြင်ပြင်ဖြင့် တိုက်စစ်ဦးစားပေးပုံစံကစားခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် ဟံသာဝတီဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ဂျိုးဇက်က သွင်းပေးခဲ့သည်။ ဦးဆောင်ဂိုးရပြီးနောက် ဟံသာဝတီအသင်း ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး ဇွဲကပင်အသင်းသည် ကွင်းလယ်၌ အပျက်များခဲ့သည်။ ပွဲချိန် ၂၉ မိနစ်နှင့် ၃၄ မိနစ်များတွင် ဟံသာဝတီအသင်းမှ ဒုတိယဦးဆောင်ဂိုးနှင့် တတိယဦးဆောင်ဂိုးများ ထပ်မံရခဲ့ပြီး တိုက်စစ်မှူး ဂျိုးဇက်မှပင် ထပ်မံသွင်းပေးခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန် တွင် ဟံသ၀တီအသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ ချေပဂိုးများ ပြန်လည်ရရှိရန် တစ်သင်းလုံး တိုက်စစ်ထိ လိုက်ပါ ကစားခဲ့ပြီး ဂိုးရရှိ မည့် အခွင့်အရေးများ ဆက်တိုက်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ဒုတိယပိုင်းတွင် ခံစစ်အသာပေးမှ တစ်ဆင့် တန်ပြန်တိုက်စစ် ဖြင့် တုံ့ပြန်ကစားခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် ဟံသာဝတီအသင်းမှ လေးဂိုးမြောက် ဂိုးထပ်မံရခဲ့ပြီး ပိုင်မိုးဝေက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ပွဲချိန် ၈၂ မိနစ်တွင် ဇွဲကပင်အသင်းမှ ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဖွန်ဆီကာမှ အမှားအယွင်းမရှိ ကန်သွင်းကာ ပထမချေပဂိုး ရယူပေး ခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ဂိုးထပ်မံ မရခဲ့သည့်အတွက် ဟံသာဝတီအသင်းက ၄-၁ ဂိုးဖြင့် ဇွဲကပင်အသင်းကို အနိုင်ရသွား ခဲ့သည်။ ဇွဲကပင်အသင်းကို အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည့် ဟံသာဝတီအသင်းသည် ကွာတားဖိုင်နယ်တွင် ရတနာပုံ(သို့) စစ်ကိုင်းယူနိုက်တက်အသင်း တစ်သင်းသင်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိတွင် ရတနာပုံ အသင်းနှင့် စစ်ကိုင်းအသင်းတို့သည် ပွဲကစားချိန်အတွင်း တစ်ဂိုး စီ သရေကျနေသည့်အတွက် အချိန်ပိုဆက်လက်ကစားလျက်ရှိသည်။