ယခုတစ်ပတ် MPT Myanmar National League 2018 Week 15 ကို ဇွန်လ ၉၊ ၁၀ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ရတနာပုံ-ရှမ်း၊ ရန်ကုန်-ဧရာဝတီ စတဲ့ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဉ်တွေ ပါဝင်နေပါတယ်။ ဒ့ါပြင် တန်းဆင်းဇုန်အတွင်းက ဂျီအက်ဖ်အေ-စစ်ကိုင်း၊ နိုင်ပွဲလိုအပ်နေတဲ့ မြ၀တီ-ဆောက်သမ်း၊ ဟံသာဝတီ-မကွေး၊ ရခိုင်-ဇွဲကပင် ပွဲစဉ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
၉-၆-၂၀၁၈
ဂျီအက်ဖ်အေ-စစ်ကိုင်းယူနိုက်တက် (သုဝဏ္ဏ)- ၁၆း၀၀
ဂျီအက်ဖ်အေ-စစ်ကိုင်းတို့ရဲ့ တန်းဆင်းဇုန် အနီးက တိုက်ပွဲ
ဒုတိယအကျော့မှာ နိုင်ပွဲ ဗလာနတ္ထိဖြစ်နေသေးတဲ့ နှစ်သင်း ယှဉ်ပြိုင်ကစားကြမှာပါ။ နှစ်သင်းစလုံးက အဆင့် ၁၀ နဲ့ အဆင့် ၁၁ နေရာတွေမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဒုတိယအကျော့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့် ရလဒ်တွေက အကောင်းဘက်ကို ယိမ်းယိုင်လာခြင်း မရှိသေးတဲ့နှစ်သင်းလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်းအနက် ဂျီအက်ဖ်အေအသင်းက တိုက်စစ်မှူး ကာမာရာနဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့တာတွေ့ရပါတယ်။ ပထမအကျော့မှာတော့ စစ်ကိုင်းအသင်းက မုံရွာကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံချိန်မှာ လက်ရှိနှစ်သင်းစလုံးရဲ့ ရပ်တည်မှု အနေအထားကြောင့် ပိုပြီးသက်ဝင်လှုပ်ရှားမှုကို မြင်တွေ့ရဖို့ ရှိနေပါတယ်။
၁၀-၆-၂၀၁၈
မြ၀တီအက်ဖ်စီ – ဆောက်သမ်းမြန်မာ (သုဝဏ္ဏ) – ၁၆း၀၀
အရှုံးနွံထဲ ရုန်းထွက်ရတော့မယ့် မြ၀တီ…
ပြီးခဲ့တဲ့ နှစ်ပွဲဆက် ရှုံးနိမ့်မှုက မြ၀တီအသင်းရဲ့ လိုအပ်ချက်တွေကို မီးမောင်းထိုးပြသနေပါတယ်။ အချိန်မီ ပြုပြင်ဖာထေးနိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး ခါးသီးသော ရာသီအဖြစ် မှတ်တမ်းမ၀င်ဖို့ လက်ကျန်ပွဲစဉ်တွေကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရမယ့် အခြေအနေပါ။ ဆောက်သမ်းအသင်းကတော့ ရမှတ် ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၇ နေရာရပ်တည်နေပြီး တိုက်စစ်မှူး ကောင်းစည်သူကလည်း ဂိုးသွင်းခြေတွေ့နေပါတယ်။ ဒါ့အပြင် အယ်လ်ဖာ၊ အောင်မိုး၊ နန်းမင်းအောင်တို့ရဲ့ တွဲဖက်မှုကလည်း ပြိုင်ဘက်အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။ မြ၀တီအသင်းကတော့ အားထားရတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရဲဝေယံစိုး ပွဲပယ်ထိထားတာကြောင့် နစ်နာလှပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပထမအကျော့မှာတော့ ဆောက်သမ်းအသင်းက ၄-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
၁၀-၆-၂၀၁၈
ရတနာပုံ-ရှမ်းယူနိုက်တက် (မန္တလာသီရိ) – ၁၆း၀၀
အသည်းကောင်းလို့ ပွဲတောင်းလာတဲ့ ရှမ်း…
ရတနာပုံအသင်းက ရှုံးထွက်ပြိုင်ပွဲကနေ စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ဒါကြောင့် ပေါက်ကွဲသံစဉ်တွေ မန္တလာမြေမှာ ဖွင့်ချပြဖို့ အားခဲထားမှာ သေချာပါတယ်။ ဒါပေမယ့် ရှမ်းအသင်းကတော့ ဒါမျိုးကြောက်တတ်ရင် ရွာရိုးတောင် ဖြတ်မလျောက်ဘူးဆိုတဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ပြင်ဆင်မှုအပိုင်းမှာလည်း ဧည့်သည်ရှမ်းအသင်းက သာလွန်နေတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။ လက်ရှိချန်ပီယံအသင်းက စစ်ကိုင်းအသင်းနဲ့ ပွဲစဉ်(၁၄) ယှဉ်ပြိုင်ပြီး ကတည်းက မန်းမြေမှာ အခြေချပြီး ပြင်ဆင်လေ့ကျင့်နေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရှင်အသင်းက ကြားရက်မှာ စစ်ကိုင်းအသင်းနဲ့ ရှုံးထွက်ဒုတိယအဆင့် ယှဉ်ပြိုင်ထားရတဲ့ ပွဲပန်းမှု ဒဏ်ခံကလည်း ဒီပွဲအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ သို့သော်လည်း ချန်ပီယံဟောင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ပွန်းပဲ့ခံမယ့် အခြေအနေ မဟုတ်ပါဘူး။ အင်အားကြီး အသင်းတစ်သင်းဆိုသော ဂုဏ်ဒြပ်ကို ထပ်မံအရောင်တင်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်က ပထမအကျော့ တောင်ပေါ်မြေမှာ ဂိုးမရှိရလဒ်နဲ့ ကျေနပ်ခဲ့ကြရတဲ့ အခြေအနေထက် ပိုမိုအကြိတ်အနယ်ရှိသော ပွဲစဉ်တစ်ပွဲ…ယခုထက် ပိုမိုပြတ်သားသော ပွဲစဉ်တစ်ပွဲအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။
၁၀-၆-၂၀၁၈
ရန်ယူနိုက်တက်-ဧရာဝတီယူနိုက်တက် (အောင်ဆန်း) – ၁၅း၃၀
ချန်ပီယံဖြစ်ဖို့ တာစူနေတဲ့ ရန်ကုန်အတွက် လင်းပိုင်ဧရာဟာ ခလုတ်ကန်သင်းတစ်ခုလား
ထိပ်တန်းဂိုးသွင်းရှင်တွေ ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ နှစ်သင်း။ တွေ့ဆုံတိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ဖြစ်လေ့ရှိတဲ့ နှစ်သင်း။ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ ရန်ကုန်-ဧရာဝတီတို့ အောင်ဆန်းကွင်းမှာ ထိပ်တိုက်တွေ့ဆုံနေပါပြီ။ ပွဲစဉ်(၁၄)အပြီးအထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ် ပြတ် ဦးဆောင်နေတဲ့ ရန်ကုန်အသင်းက နာမည်ကြီး ဧရာဝတီကို ဧည့်ခံယှဉ်ပြိုင်ရမှာပါ။ ယှဉ်ပြိုင်လာသူ ဧရာဝတီအသင်းကတော့ ရန်ကုန်နဲ့ ဆန့်ကျင်ဘက် အဆင့် ၉ နေရာကိုသာ ပိုင်ဆိုင်ခွင့်ရထားတာပါ။ ဒီအခြေအနေဟာ သူတို့အသင်းအတွက် ပီတိတွေဖြာယှက်နေရမယ့် အခိုက်အတန့်တော့ ဖြစ်ဟန်မတူပါဘူး။ သို့သော်လည်း အဆင့်ရပ်တည်မှု ဘယ်လိုပဲဖြစ်နေန ရန်ကုန်အတွက်တော့ ဧရာဝတီဟာ ပြိုင်ဘက်ကောင်းဆိုတာ သေချာပါတယ်။ ဒီတစ်ပတ်မှာ ဒုတိယနေရာက ရှမ်းအသင်းက ရတနာပုံနဲ့ ထိပ်တိုက်တွေ့နေချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အခွင့်အရေးယူပြီး ရန်ကုန်အသင်း အမှားမခံဘဲ ရှေ့ဆက်ဖို့ ပြင်ဆင်လာမှာပါ။ အမှားမခံဘဲ ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် ဧရာဝတီဟာ ခလုတ်ကန်သင်း ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။
၁၀-၆-၂၀၁၈
ဟံသာဝတီ-မကွေးအက်ဖ်စီ (ပဲခူး) – ၁၅း၃၀
အောင်မြေဆီသို့ ချီတက်လာသော မကွေး
ဒီတစ်ပတ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေဟာ အထက်မှာ ဆိုခဲ့ပြီးတဲ့ ပွဲစဉ်တွေနဲ့သာ သက်ဝင်လှုပ်ရှားနေတာ မဟုတ်ပါဘူး။ ဟံသာဝတီ-မကွေးပွဲစဉ်ကလည်း စိတ်ဝင်စားဖွယ်သော ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေကို ထပ်မံ အားဖြည့်ပေးထားပါတယ်။ ဟံသာဝတီဆိုတာ ပြီးခဲ့တဲ့ ပွဲစဉ် (၁၄) မှာ မြ၀တီအသင်းကို စံချိန်တင်ဂိုးရလဒ်နဲ့ အနိုင်ယူပြထားတဲ့အသင်း… အဆင့် ၅ နေရာကို မားမားမတ်မတ် ရပ်တည်ပြနေသော အသင်း…။ အိမ်ကွင်းဆို ရလဒ်တွေ ကောင်းလေ့ရှိသောအသင်း…။ ဒီအသင်းက အဆင့် ၃ နေရာ ရပ်တည်နေသာ အသင်း…။ မာကျောတဲ့ မကွေးအသင်းကို ဧည့်ခံယှဉ်ပြိုင်ရပါတော့မယ်။ ဟံသာဝတီကတော့ ပဲခူးကွင်းဟာ သူတို့အသင်းအတွက် အောင်မြေသဖွယ် အဖြစ် ယူဆပြီး ပြိုင်ဘက်ကို အလဲထိုးဖို့ ပြင်ဆင်ထားပါလိမ့်မယ်။ ဒီအခြေအနေကို မကွေးအသင်းက ဖျက်ဆီးပစ်ဖို့ ဟံသာဝတီမြေကို ချီတက်လာတော့မှာပါ။ အဆင့် ၂ ကနေ အဆင့် ၃ ကို ဆင်းပေးရတဲ့ အဖြစ်ကလည်း မနေ့တစ်နေ့ကဖြစ်လို့ မကွေးအက်ဖ်စီအတွက် နိုင်ပွဲတစ်ပွဲပြန်ရဖို့ အကြောင်းပြချက်က ခိုင်လုံထားပြီးသားပါ။
၁၀-၆-၂၀၁၈
ရခိုင်ယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် (ဝေသာလီ)- ၁၅း၃၀
နှစ်သင်းစလုံး နိုင်ပွဲပြန်လည် ရှာဖွေရမယ့် ပွဲစဉ်
ဒီပွဲစဉ်က မူလပွဲစဉ်ရေးဆွဲထားမှုမှာ ဇွန်လ ၉ ရက်နေ့ ကစားမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ရခိုင်ယူနိုက်တက်အသင်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံူးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာကြောင့် ဇွန်လ ၁၀ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့တာပါ။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ တွေ့ထားကြတဲ့ အဆင့် ၆ နေရာက ရခိုင်အသင်းနဲ့ အဆင့် ၈ နေရာက ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်ဖြစ်ပါတယ်။ နှစ်သင်းစလုံးက နိုင်ပွဲပြန်လည် ရှာဖွေရမယ့် အခြေအနေဖြစ်ပါတယ်။ ပထမအကျော့မှာ ရခိုင်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ယူထားပြီး ဒီတစ်ကြိမ်မှာရော ဇွဲကပင်အသင်းက ပြန်လည် လက်စားချေနိုင်မလား.. ရှုံးကြွေး ထပ်တင်မလားဆိုတာ ဝေသာလီကွင်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။