လက်ရှိ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုတစ်ပတ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၅) တွင် နာမည်ကြီး ရတနာပုံအသင်းနှင့် အဝေးကွင်း၌ ရင်ဆိုင်သွားရမည်ဖြစ်သည်။ ဇွန်လ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်မည့် ထိုပွဲစဉ်မှာ ၎င်းတို့အတွက် ခက်ခဲမည့် ပွဲစဉ်တစ်ပွဲဖြစ်သော်လည်း အဝေးကွင်း နိုင်ပွဲ ရရှိအောင် ကြိုးပမ်းသွားမည်ဟု နည်းပြချုပ် မာယန်းက ပြောကြားခဲ့သည်။
” ရတနာပုံက အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ လက်ရွေးစင်ကစားသမား ၆၊ ၇ ယောက်လောက် ပါဝင်နေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။ သေချာတာတော့ နှစ်သင်းစလုံးအတွက် ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဇယားထိပ်ဆုံးကအသင်းနဲ့ ရမှတ်ကွာဟမှု လျော့ချနိုင်ဖို့ အဝေးကွင်းနိုင်ပွဲ ရရှိအောင် ကြိုးပမ်းသွားမှာပါ” ဟု ရှမ်းယူနိုက်တက်နည်းပြက ဆိုသည်။
သို့သော် ရတနာပုံအသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်တွင် ရှမ်းအသင်း အဓိက ကစားသမားများဖြစ်သည့် နောက်ခံလူ ဟိန်းသီဟဇော်နှင့် ရတနာပုံတိုက်စစ်မှူးဟောင်း ဇင်မင်းထွန်းတို့မှာ ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။
” ရတနာပုံအိမ်ကွင်းမှာ လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲအဖြစ် မျှော်လင့်လို့ မရပါဘူး။ ဒါပေမယ့် အသင်းမှာ အသစ်ခေါ်ယူထားတဲ့ ဒေးဗစ်ထန်း၊ မီလန်တို့လည်း အသင်းနဲ့ လျင်လျင်မြန်မြန် အထိုင်ကျနေပါပြီ။ ဒီကစားသမားတွေက ပြိုင်ဘက်အသင်းရဲ့ အနေအထားအပေါ် မူတည်ပြီး ပွဲတစ်ပွဲကို ချဉ်းကပ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ အဝေးကွင်းမှာ အားလုံး စုစုစည်းစည်း တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်နဲ့ အကောင်းဆုံး ရလဒ် ရရှိအောင် ကြိုးစားသွားမှာပါ” ဟု ထပ်လောင်းပြောဆိုခဲ့သည်။
အဆိုပါ နှစ်သင်းမှာ ပထမအကျော့ ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ တွေ့ဆုံစဉ်က ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ထားပြီး ယခုတစ်ကြိမ်တွင် မည်သည့်အသင်းက အနိုင်ရလဒ်အား ဖော်ဆောင်သွားနိုင်မည်လဲ ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ထို့အတူ ရတနာပုံအက်ဖ်စီ- ရှမ်းယူနိုက်တက်ပွဲစဉ်အား MRTV နှင့် 4 TV Sports Channel တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။
ယနေ့ညနေပိုင်းက မန္တလာသီရိကွင်း၌ လေ့ကျင့်ခန်း ဆင်းနေသော ရှမ်းယူနိုက်တက်အသင်း၏ ပုံရိပ်များ။