ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ရန်ကုန်ယူနိုက်တက်ကို ဧရာဝတီ အနိုင်ယူ

June 10, 2018

ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ဧရာဝတီ ယူနိုက်တက်တို့ရဲ့ MPT  မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဧရာဝတီ ယူနိုက်တက် အသင်းက ဒုတိယပိုင်းမှာ ရယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ရန်အောင်ကျော်၊ ရန်လင်းအောင်တို့က မောင်းနှင်ကစားခဲ့ပြီး ဆိုင်လာ၊ အီမန်နျူရယ်၊ မွန်ကွီး၊ ကျော်ဇင်ထက်၊ ဇော်လင်းထွန်း အစရှိတဲ့ အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဧရာဝတီကတော့ ပုံမှန်အသုံးပြုနေကျ လူစာရင်း ဖြစ်တဲ့ ဗန်လားဟရွယ်၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းထွန်း၊ သီဟဇော် စတဲ့ ကစားသမားတွေကို ကတ်ဆီယို၊ ပက်ထရစ်၊ ဂျိုစီရယ် အစရှိတဲ့ နိုင်ငံခြား ကစားသမားတွေနဲ့ တွဲဖက်ပေးပြီး ရန်ကုန်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်အစောပိုင်းမှာ နှစ်သင်းစလုံး ကစားကွက်တည်ဖို့ ခက်ခဲနေခဲ့ပေမယ့် ပွဲချိန် မိနစ် ၂၀ နောက်ပိုင်းမှာတော့ ရန်ကုန်က ပိုပြီး အသာစီး ရလာခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာတော့ ရန်ကုန်အတွက် ဆိုင်လာက အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ချက်ခြင်းဆိုသလို မောင်မောင်လွင်က ပွဲချိန် ၃၈ မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ရန်ကုန်က ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း ရန်ကုန်ကသာ အသာစီး ရနေခဲ့ပြီး ဧရာဝတီကတော့ တစ်ချက်တစ်ချက်မှသာ တန်ပြန်တိုက်စစ်ကို အားပြု ထိုးဖောက်နေခဲ့ပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းက ပွဲချိန် ၆၇ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ တိုက်စစ်က ပက်ထရစ်ကို ရန်အောင်ကျော် တားဆီးခဲ့တာကို ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပင်နယ်တီကို ပက်ထရစ် ကန်သွင်းခဲ့ပြီး ကျော်ဇင်ထက်က တားဆီးနိုင်ခဲ့ပေမယ့်လည်း ပြန်ထွက်လာတဲ့ ဘောလုံးကို သီဟဇော်က ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဧရာဝတီတို့ ပထမချေပဂိုး ရရှိသွားခဲ့ပါတယ်။

ဒီ့နောက်မှာတော့ ရန်ကုန်ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု လျော့နည်းခဲ့ပြီး အာရုံတွေ ထွေပြားလာခဲ့တာကြောင့် ပွဲချိန် ၇၅ မိနစ် အရောက်မှာ ညာခြမ်းက ဖြတ်တင်ဘောကို ကျော်ဇင်ထက် ထွက်ဆွဲတာ မသေသပ်ပဲ လွတ်ကျခဲ့တာကြောင့် အသင့်ရှိနေတဲ့ ဧရာဝတီ တိုက်စစ်ကစားသမား ကတ်ဆီယိုက အသာအယာ ပိတ်သွင်းပြီး ဧရာဝတီအတွက် ဒုတိယဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမိနစ်တွေကတော့ ပွဲကြမ်းတစ်ပွဲ ဖြစ်လာခဲ့ပြီး ပြစ်ဒဏ်ဘောတွေ မကြာခဏ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ပွဲက သရေရလဒ်နဲ့ပဲ ပြီးတော့မယ်လို့ ထင်မှတ်ရချိန် ပွဲချိန် မိနစ် ၉၀ မှာ ရန်ကုန်ရဲ့ ကွင်းလယ်ပိုင်း လူပေးမှားတာကနေ ဧရာဝတီတိုက်စစ်မှူး ပက်ထရစ်က အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် ဧရာဝတီတို့ အဖိုးတန် အနိုင်ဂိုးရရှိသွားခဲ့ပြီး ဒီရလဒ်ကို ပွဲပြီးတဲ့အချိန်ထိ ထိန်းထားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဧရာဝတီ ယူနိုက်တက်က ရန်ကုန်ယူနိုက်တက်ကို (၂-၃) ဂိုးနဲ့ အနိုင်ရရှိပြီး အနိုင်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။