ဒုတိယအဆင့် ရှုံးထွက်ပွဲတွေ အပြီးမှာတော့ ချက်ခြင်းဆိုသလိုပဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် ကတည်းက အသင်းကြီးတွေ ပါဝင်လာခဲ့ပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန် ယူနိုက်တက်တို့ နှစ်သင်းကတော့ အခု ကွာတားဖိုင်နယ် အဆင့်ကို ရောက်မှသာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်လေးပွဲ ရှိရာမှာ လိဂ်ပွဲတွေ မရှိတဲ့ ကြားရက်အတွင်း ကျင်းပတာ ဖြစ်လို့ တစ်ပတ်ကို ၂ ပွဲစီ ခွဲပြီး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ခုတစ်ပတ်မှာတော့ ကွာတားပွဲစဉ် နှစ်ပွဲကိုပဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပွဲတွေက ရန်ကုန်နဲ့ ဂျီအက်ဖ်အေ၊ ဧရာဝတီနဲ့ မကွေး စတဲ့ ပွဲတွေပဲ ဖြစ်ပါတယ်။
ချန်ပီယံဆုနဲ့ တေ့လွဲနေမှုကို အဆုံးသတ်ရမယ့် ရန်ကုန်ယူနိုက်တက်
ရန်ကုန်ယူနိုက်တက် – ဂျီအက်ဖ်အေ
၁၃.၆.၂၀၁၈၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်း၊ Live Stream on General Aung San Shield Page
ချန်ပီယံစာရင်းထဲ အမြဲရှိနေတဲ့ ရန်ကုန်ယူနိုက်တက် အတွက် ရှုံးထွက်ပြိုင်ပွဲက အစိမ်းသက်သက် ဖြစ်နေခဲ့တာ ကြာပါပြီ။ ၂၀၁၁မှာ နေပြည်တော်ကို အနိုင်ကစားပြီး ချန်ပီယံ ဖြစ်ခဲ့တာက လွဲရင် ဒီနောက်ပိုင်း ဒုတိယ နှစ်ကြိမ်ရထားတာက ရှုံးထွက်ပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ဒုတိယရတာဟာ အောင်မြင်မှု မဟုတ်တဲ့အတွက် နောက်ဆုံး နှစ်နှစ်ဆက် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ စားကာနီး ထမင်းလုတ် ပုတ်ချခံရသလို အခံရခက်လှမှာ သေချာလှပါတယ်။
ဂျီအက်ဖ်အေကတော့ ထူးထူးထွေထွေ ပြောစရာ မရှိတဲ့ အသင်းပါ။ ခြေစွမ်းမာကျောတယ်၊ မထင်မှတ်တာတွေ လုပ်ပြနိုင်တယ်၊ အသင်းလိုက် စုစည်းမှုကောင်းပါတယ်။ ဒါပေမဲ့ ရှုံးထွက်ပွဲတွေလို အသည်းအသန် ရုန်းရတဲ့ ပွဲမျိုးမှာ အမြင့်ဆုံး ရောက်ခဲ့ဖူးတာက ကွာတားဖိုင်နယ်သာ ဖြစ်ပြီး ဒီနှစ်က ဒုတိယအကြိမ်ရောက်တာ ဖြစ်ပါတယ်။ မှတ်တမ်းသစ် ရေးထိုးနိုင်မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်သင်းရဲ့ လက်ရှိခြေစွမ်း၊ လူအင်အားတွေကို ချိန်ထိုးကြည့်လိုက်မယ် ဆိုရင်တော့ ဆီမီးဖိုင်နယ် တက်ခွင့်က ရန်ကုန်အတွက်ပဲလို့ ယူဆစရာ ရှိပါတယ်။ ဂျီအက်ဖ်အေဟာ လိဂ်ပြိုင်ပွဲမှာတော့ ရန်ကုန်ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီနှစ်ဘောလုံးရာသီအတွက် ကစားထားတဲ့ လိဂ်ပြိုင်ပွဲ နှစ်ကျော့စလုံးမှာလည်း ရန်ကုန်က ဂျီအက်ဖ်အေကို နှစ်ကျော့ပေါင်း ဂိုးရလဒ်က ၁၀-၀ ပါ။ ဒီပွဲတွေမှာ ရန်ကုန်က ဂိုးမပေးခဲ့ရပါဘူး။ ဒါပေမဲ့ ခုတွေ့မယ့် ပွဲက ရှုံးထွက်ပွဲ ဖြစ်ပါတယ်။ ရှုံးထွက်ပွဲမှာတော့ ရန်ကုန်နဲ့ ဂျီအက်ဖ်အေတို့ တစ်ကြိမ်သာ တွေ့ခဲ့ဖူးပြီး ဂျီအက်ဖ်အေက အနိုင်ရထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ဖြစ်ပြီး ရန်ကုန်က ဒုတိယအဆင့်မှာမှ စကစားရတာ ဖြစ်ပေမယ့် ဒီပွဲအရှုံးကြောင့် တစ်ပွဲတည်းနဲ့ ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုအတွက် ပြင်ဆင်လာမယ့် ရန်ကုန်တို့ ဒီနှစ်မှာတော့ ဒါမျိုး အဖြစ်ခံမယ် မထင်ပါဘူး။
ဒီပွဲကို မနက်ဖြန် ဇွန် ၁၃ ရက် ညနေ ၃း၃၀ အချိန်မှာ သုဝဏ္ဏကွင်းကြီးထဲ ကျင်းပသွားမှာ ဖြစ်ပြီး General Aung San Shield Facebook Page ကနေ တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံဟောင်းနှစ်သင်းရဲ့ အားပြိုင်ပွဲ
ဧရာဝတီ ယူနိုက်တက် – မကွေး
၁၃.၆.၂၀၁၈၊ ညနေ ၃း၃၀ နာရီ၊ အောင်ဆန်းကွင်း၊ Live On MWD Music and Variety
ဒီနှစ်သင်း ဒီအဆင့်မှာ လာတွေ့တာ စောလွန်းတယ်လို့ပဲ ပြောရမှာပါ။ ၂၀၁၀ ခုနှစ်က စလို့ နာမည်အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ ရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံအသင်း များများစားစား မရှိပါဘူး။ ဒီထဲမှာမှ ၂၀၁၅ ခုနှစ်မှာမှ နာမည်ပြောင်းပြီး စတင် ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရယူထားနိုင်တဲ့ အသင်းက သုံးသင်းပဲ ရှိပါတယ်။ ဒီသုံးသင်းထဲက နှစ်သင်းက ခုလို တစ်ပွဲတည်းနဲ့ အဖြေထွက်မယ့် ကွာတားဖိုင်နယ် အဆင့်မှာလာတွေ့နေတာဟာ စောလွန်းတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
ဧရာဝတီကတော့ ရှုံးထွက်ဘုရင်လို့ လက်ခံထားကြတဲ့ အသင်းဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံဆုကို မရဖူးပေမယ့် ရှုံးထွက်ဖလားကိုတော့ သုံးကြိမ်ဆက် ရဖူးတဲ့ တစ်သင်းတည်းသော အသင်း (MFF Digicel Cup 2012၊ MFF Ooredoo Cup 2014၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ၂၀၁၅) ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ရလဒ်ပိုင်းတွေ ကျဆင်းလာခဲ့ပေမယ့် တစ်ကယ်ညှစ်ရင် ညှစ်သလောက် ရလဒ်တွေကို ပြောင်းလဲနိုင်ဆဲ အသင်းပါ။
မကွေးကလည်း ၂၀၁၆ တုန်းက ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကို ရယူထားဖူးတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းမာကျောမှု၊ ကစားပုံမာကျောမှုတွေနဲ့ အတူ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ အသင်းကြီး တစ်သင်းပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်းပွဲတွေမှာ ရလဒ်က အတက်အကျ ကြမ်းနေပေမယ့်လည်း ဒီပွဲက ရှုံးထွက်ပွဲ ဖြစ်တာကြောင့် အာရုံစူးစိုက်မှုက အကောင်းဆုံး အနေအထားမှာ ရှိနေနိုင်ပါတယ်။
လိဂ်ပြိုင်ပွဲ တွေ့ဆုံမှုမှာတော့ တစ်သင်းနဲ့ တစ်သင်း သိသိသာသာ အသာစီး ရတာမျိုး မရှိပါဘူး။ ဒီနှစ်အတွက် ပထမအကျော့ တစ်ကြိမ်သာ တွေ့ထားပြီး အဲဒီပွဲမှာ မကွေးက အနိုင်ရထားပါတယ်။ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးရမယ့် ပွဲဖြစ်တာမို့ နှစ်သင်းစလုံး အစွမ်းကုန် အားထုတ် ကစားလာမှာ သေချာနေပါတယ်။ အဓိက ကစားသမားတွေ အစုံအလင် ပါဝင်လာကြမယ့် ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်တွေ့ခွင့်ရဖို့ ရှိနေပါတယ်။ ရလဒ်ကတော့ ခန့်မှန်းဖို့ ခက်ပြီး အခန့်မသင့်ရင် အချိန်ပို၊ ပင်နယ်တီထိ ရောက်သွားနိုင်တဲ့ ပွဲပဲ ဖြစ်ပါတယ်။
ဒီပွဲကို MWD ရုပ်မြင်သံကြားကနေ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပေးသွားမှာ ဖြစ်ပြီး MWD ရဲ့ Free to Air ဒစ်ဂျစ်တယ်လိုင်းတွေ ဖြစ်တဲ့ MWD Music နဲ့ MWD Variety ရုပ်သံလိုင်းတွေကနေ ပြသပေးသွားမှာ ဖြစ်ပါတယ်။